၁။
မင်းဟာမင်းလျှောက် … ငါ့လက်ကို မတွဲနဲ့ …
အဖေရယ် … ရက်စက်လိုက်ရန်ကောလို့ … မတွေးဖြစ်ခဲ့ပါဘူး။ အဲအချိန်တုန်းက ကျွန်တော့်အသက်က သုံးနှစ်။ လမ်းသွားရင် လူကြီးကို လက်တွဲရမယ်လို့ သင်ပေးထားတဲ့အတိုင်း အဖေ့လက်ကို အတင်းတွဲမိတော့ အဖေက အဲလိုပြောတယ်။
တစ်ခါတလေများ လမ်းသွားလို့ သက်တူရွယ်တူကလေးတွေကို သူတို့ရဲ့ အဖေတွေက ချီပိုးထားရင် ကျွန်တော်က တိတ်တိတ်ကလေး ခိုးရယ်မိတတ်တယ်။ ဒီကလေးနှယ် … ကိုယ့်ဟာကိုယ်လည်း လမ်းလျှောက်လို့ရသားနဲ့ အဖေ့ကို သပ်သပ်မဲ့ ဒုက္ခပေးရသလားဆိုတဲ့ အတွေးမျိုးနဲ့လည်း ကြည့်တတ်သေးတယ်။
နောက်ပိုင်းမှာ ကျွန်တော်ဟာ လမ်းလျှောက်ထွက်ရင် အဖေ့ကိုမှ မဟုတ်တော့ဘူး ဘယ်သူ့လက်ကိုမှ မဆွဲတော့ဘူး။ အမေနဲ့ သွားရင် အမေက စိတ်မချလို့ လက်ကိုဆွဲပေမယ့်လည်း သားဟာသား လျှောက်မယ်လို့ ရင်ကလေး ကော့ပြီး ပြောတတ်လာတယ်။
ဖိုးဖိုးက ကျွန်တော့်ကို ကြည့်ပြီး သဘောကျနေလေရဲ့ …
သား … ကားတွေက အရမ်းအရမ်းမောင်းကြတာဆိုတော့ မျက်စေ့လျင်လျင်ထားနော် … ဟိုငေးဒီငေးမလုပ်နဲ့ … သိလား … တဲ့ … ဟုတ်ကဲ့ ဖိုးဖိုး … ကျွန်တော့်မျက်လုံးတွေဟာ သိမ်းငှက်တစ်ကောင်လို ထက်မြက်စေရပါမယ်လို့ ရင်ထဲမှာ ရေရွတ်မိလိုက်တယ် … ကျွန်တော် ကြီးပြင်းလာခဲ့ပြီလေ …
၂။
ကျွန်တော့်ကျောင်းစတက်တဲ့နေ့မှာ အဖေရယ် အမေရယ် ကျွန်တော်ရယ် … ကျောင်းခန်းထဲကို ၀င်တော့ အမေက ကျွန်တော့်လက်ကို တွဲတယ် … အဖေက ကျွန်တော့်ပုခုံးကို လက်တင်ပြီး ဖွဖွလေး ပုတ်တယ်။
ဟေ့ကောင် … မင်း စာကြိုးစားနော် … ဒါမှ တနေ့ ပညာတတ်ကြီးဖြစ်မှာကွ …
အဖေက အဲလိုပြောတော့ ကျွန်တော်က အဖေ့ကို နားမလည်သလို ပြန်မေးမိတယ်။ ပညာတတ်ကြီးဖြစ်တော့ ဘာဖြစ်လဲ အဖေ။ မင်းငါ့လို မပင်ပန်းဘူးပေါ့ကွာတဲ့။ အဖေ ပင်ပန်းနေလား အဖေ။ သား ကြီးလာရင် အဖေ့ကို မပင်ပန်းစေရဘူးလို့ ကတိတွေတိုးတိုးတိတ်တိတ် ကျိတ်ပေးခဲ့မိတယ်။ (ခုထိတော့ ကတိမတည်နိုင်သေးဘူး ဖေဖေ)
ညီမရဲ့ သားက သူ့ကိုစလွန်းတော့ မခံနိုင်လို့ထင်ပါရဲ့ … သစ်သားပေတံစောင်းနဲ့ မျက်နှာကို ဖြတ်ခုတ်ထည့်လိုက်တာ ဟိုကလေးခမြာ ခေါင်းကွဲသွားရှာတယ် …
ဆရာမကြီးရယ် … သားအတွက် ကျွန်မတောင်းပန်ပါတယ် …
မေမေ … သားတမင်လုပ်လိုက်တာပါ … မင်း အဖေက ကုလားမကြီးနဲ့ လျှောက်သွားနေတာ ပြောလို့ပါ။ ဖေဖေက မေမေ့ကို သိပ်ချစ်တာ သားသိတာပေါ့။ သူတို့က မဟုတ်တာပြောတာကိုး။ သားလည်း ငြိမ်ခံနေပါသေးတယ်။ မခံနိုင်တဲ့အဆုံး သားကို နောက်မစရဲအောင် တမင်လုပ်လိုက်တာပါ … မေမေ မတောင်းပန်ပါနဲ့ … မေမေလုပ်တာ မဟုတ်ပါဘူး …
ဆရာမ … ကျွန်တော့်ကို သူနောက်ထပ်မစဘူးဆိုရင် ကျွန်တော်လည်း ဘယ်တော့မှ အခုလို မလုပ်ပါဘူး …
ဒီလိုပြဿနာမျိုးမှာ ဖေဖေက ကျွန်တော့်ကို …
အေး … နောက်လည်း မင်းမှန်ရင် ခံမလာနဲ့ … ဘာဖြစ်ဖြစ် ငါလိုက်ရှင်းပေးမယ်တဲ့ …
အဲတုန်းက အဖေ့ရဲ့ မျက်နှာဟာ တိုက်ပွဲတွေကို စိန်ခေါ်နေတဲ့ အောင်နိုင်သူ စစ်သူကြီးတစ်ယောက်လို …
အခုတော့လည်း အဖေရယ် သားဟာ အောင်မြင်မှုဆိုတာကို ခံယူတတ်ဖို့ အောင်မြင်သူအဖြစ် ခံယူနိုင်ဖို့ … အရှူံးတွေကို ခပ်ပြုံးပြုံးကလေးနဲ့ ကြည့်နေတတ်ပြီ။ ဒီတစ်ကြိမ် အရှူံးဟာ အောင်မြင်မှုရဲ့ လှေကားတစ်ထစ်ပေါ့ ဖေဖေ … ဖေဖေ့တုန်းကလည်း ဒီလိုပဲ နင်းတက်ခဲ့ဖူးတယ်လေ … ။
၃။
မင်းသောက်ချင်တာ မင်းဟာမင်းမှာနော် …
လက်ဖက်ရည် ကျစိမ့်တစ်ခွက် ပေးပါ …
အဖေ့ကို အတုခိုးပြီး ကျွန်တော် ကျစိမ့်သောက်တတ်လာတယ် … ။ ငါ့သားကလေး ဘာစားမလဲဆိုပြီး ပြာပြာသလဲမေးပြီး ဟိုဟာစားပါလား ဒီဟာစားပါလားဆိုတဲ့ လူကြီးတွေကို ကျွန်တော် နားမလည်သလို ကြည့်တတ်လာတယ်။ လူတိုင်းဟာ သူ့အကြိုက်နဲ့သူဆိုတာကို အဲလူကြီးတွေ ဘာလို့ နားမလည်ကြပါလိမ့်။ စကားလုံး ခပ်ကြီးကြီး ငှားသုံးရရင်တော့ လူ့အခွင့်အရေးကို ကလေးဘ၀ကတည်းက ဘာလို့ မရကြပါလိမ့်။
ဖေဖေ ဆေးလိပ်မသောက်ပါနဲ့ … သားအနံ့မခံနိုင်လို့ပါ … လို့များ ကျွန်တော်ပြောခဲ့ဖူးမယ် ထင်သလား … ကျွန်တော်မကြိုက်တာကို ဖေဖေလုပ်ချင်လုပ်မယ် … ကျွန်တော် မပြောဘူး … မကြိုက်ရင် ဘေးထွက်ထိုင်နေလိုက်တယ်။ ဖေဖေဘာလို့ ကြိုက်တာပါလိမ့်ဆိုတဲ့ အဖြေကို ကျွန်တော် ကိုယ်တိုင် သိခဲ့ပြီ။ ကောင်းခြင်း မကောင်းခြင်းကို စဉ်းစား နားလည်တတ်ခဲ့ပြီ။ ဒီအချိန်မှာဆိုရင်တော့ ဖေဖေကော ကျွန်တော်ပါ … စွန့်လွှတ်လိုက်ကြပါစို့လို့များ ပြောမိမလားပဲ။
ဒီလိုနဲ့ လူပျိုပေါက်အရွယ်မှာ ဖေဖေနဲ့ ကျွန်တော့်အကြား ပြဿနာတွေများလာခဲ့တယ်။
၎။
မင်း အင်ဂျင်နီယာဖြစ်အောင်လုပ်ကွ … ငါမဖြစ်ခဲ့သမျှကို ငါ့သားလုပ်နိုင်ရမှာပေါ့ကွာ …
သား အနုပညာသမားဖြစ်ချင်တယ် ဖေဖေ …
ဒီလိုနဲ့ … ဒီလိုနဲ့ … ၀တ္ထုတစ်ပုဒ်စာ ရှည်လျားတဲ့ ပြဿနာပေါင်းများစွာကြားမှာ … ကျွန်တော် ခက်ထန်ရိုင်းစိုင်းခဲ့တယ် … ဖေ့ဖေ့ကို ကျွန်တော် ရိုင်းပြခဲ့တယ် … ဖေ့ဖေ့လက်သီးတစ်ချက်ကို ဘ၀တစ်သက်စာအတွက် ကျွန်တော်ရခဲ့ဖူးတယ် …
ဖေဖေရယ် … တကယ်ဆို အချိန်ကာလတစ်ခုကို ကျော်လွန်သွားရင် ကျွန်တော်ဟာလည်း အဖေတစ်ယောက် … ဖြစ်လာရတော့မှာ … ကျွန်တော်လေ … မေ့နေခဲ့လိုက်တာ …
ဒီနေ့ဆို ဖေဖေမျှော်မှန်းခဲ့တဲ့ သားတစ်ယောက် ဘ၀ဆိုတဲ့ လမ်းကြမ်းကြမ်းကို လဲလိုက်ပြန်ထလိုက် နည်းစနစ်နဲ့ လျှောက်နေပြီ ဖေဖေ …
သား ကြံခိုင်မှုတွေ လျော့ချင်လျော့နေလိမ့်မယ် … စိတ်ဓာတ်တွေက ကျကောင်းကျနေလိမ့်မယ် … အဲလိုအချိန်တွေဆိုရင်လေ … မင်းလုပ်တတ်ပါတယ် … မင်းလုပ်နိုင်ပါတယ်လို့ … ဖေဖေပြောလာမှာကို သိပ်မျှော်လင့်တာပဲ … အားပေးစကားချင်းအတူတူ ဖေဖေပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကျွန်တော့်အတွက်တော့ ခွင့်လွှတ်ခြင်း … နားလည်ခြင်း … ဖေးမခြင်း … စတဲ့ စတဲ့ အဓိပ္ပာယ်ပေါင်းများစွာ ပါဝင်လို့နေတာကို ကျွန်တော်နဲ့ ဖေဖေပဲ နားလည်ကြမယ်နော် …
ကျွန်တော် မှားခဲ့ဖူးသမျှ အမှားတွေအားလုံးကို ကျွန်တော့်ရင်ထဲမှာ ချေဖျက်ချလိုက်ပြီ …
အခုအချိန်မှာ ကျွန်တော့်ကို ခေါင်းပွတ်ပြီး မင်းကလည်းကွာ ယောက်ျားပဲဆိုပြီး ပြောဦးမယ့် ဖေ့ဖေ့ကို …
အဝေးတစ်နေရာကပဲ ကန်တော့လိုက်ရပါတော့တယ် … ။