သူသီချင်းချစ်တတ်သဖြင့် ကံကောင်း၍ ကျွန်တော် ကံမဆိုးခဲ့။ အတန်ငယ်နားရှုပ်သွားမည်ဟု ထင်ပါသည်။ ရှင်းပြပါရစေ။ သူသီချင်းချစ်တတ်သဖြင့် သီချင်းရှင်အား ကြင်နာမည့်ဆဲဆဲ (ထိုသို့ဆိုပါက ကျွန်တော် ကံဆိုးမည့်ဆဲဆဲ) ဖြစ်ခဲ့ဖူးသည်။ သို့သော် ... မိုးနတ်မင်း၏ အလိုကား ထိုသို့မဟုတ်ခဲ့သဖြင့် ကျွန်တော်ကံကောင်းခဲ့သည်။ တစ်ခါတရံမဟုတ်ပါဘဲ ဆိုးရွားလွန်းတတ်သည့် ကျွန်တော့်၏ ကံကြမ္မာကား ဒီတစ်ခါ ကောင်းလွန်းပေစွ ... ကောင်းပေစွ ... ။
သူသီချင်းဆိုသည့်အခါ ကျွန်တော် မမြင်ဖူးပါဘဲ နတ်သမီးဆိုသည်များကို ပြေးပြေးမြင်ယောင်တတ်သည်။ သူ့အား နတ်သမီးနှင့် နှိုင်းယှဉ်ရန် ကျွန်တော် အားမထုတ်ပါ။ မည်သည့်အခါမျှလည်း အားမထုတ်ပါ။ ကျွန်တော်မြင်ဖူးသမျှသော နတ်သမီးများသည် ကလက်တက်တက်နှင့် ပြောင်စပ်စပ်နိုင်လွန်းလှသည်။ အချွန်တွေ အတက်တွေ အပြောင်တွေ အလက်တွေနှင့် မျက်စေ့နောက်လွန်းဖွယ်။ ဒါဆိုလျှင် ဘာကိစ္စနတ်သမီးများကို ပြေးမြင်ယောင်ရသနည်းဟု စောကြောဖွယ်ရာပင်။ ဟုတ်ပေ၏။ မေးလည်းမေးသင့်၏။ ကျွန်တော့်မှာ အဆင်သင့်ထုတ်ပိုးထားသည့် အဖြေတစ်ခုမှာ " မသိပါ " ဟူ၍ဖြစ်သည်။ တကယ်လည်း မသိပါ။ ကျွန်တော့်စိတ်ထဲတွင် အများသူငါပြောပြောနေသည့် စကားများ အချိန်အတိုင်းအတာ တစ်ခုမက နေရာယူထားကြသဖြင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သေချာသည်က အများသူငါ ရည်ညွှန်းသည့် လှပသည့် နတ်သမီးဆိုသည်မှာ ကျွန်တော့်အတွက်တော့ သူပင်ဖြစ်ပေလိမ့်မည်။ တနည်းဆိုလျှင် သူသည် ကျွန်တော့်၏ နတ်သမီးဖြစ်သည်။ ကျွန်တော်ကား သူ၏ နတ်သားမဟုတ်သည်ကတော့ အတန်ငယ် ဇါတ်နာလေသည်။ ကျွန်တော်သည်ကား နတ်ဆိုးတစ်ကောင်သာ ဖြစ်လေသည်။ အစွယ်ကားကား မျက်နှာပေါက်ဆိုးဆိုးနှင့် ရှူးသိုးသိုးနိုင်သည့် နတ်ဆိုးဖြစ်သည်။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု မပြောဘူးဆိုလျှင် တစ်ခု ပြောပြခဲ့ချင်ပါသည်။ ကျွန်တော်သည် စိတ်ကောင်းအတန်ငယ်ရှိနေသေးသည့် နတ်ဆိုးဖြစ်သည်လေ။)
ကျွန်တော်သည် ဂစ်တာလည်း မတီးတတ် သီချင်းလည်း မဆိုတတ်ချေ။ သို့ရာတွင် ဂစ်တာတီး၍ သီချင်းဆိုတတ်သူများထက်တော့ အနည်းငယ်ပို၍ တတ်သည်ဟု အထင်ရောက်နေမိသည်။ သိချင်လျှင် သူ့အားသွားမေးကြည့်ကြပါ။ ကိုယ်ဘာစွမ်း၍ ဘာစွမ်းမှန်း နားမလည်သော ကျွန်တော့်ကို ကိုယ်စီးတဲ့မြင်း အထီးလား အမလားဟု လာမေးလျှင် အခြောက်ဟု ပြန်ဖြေပါမည်။ သို့မဟုတ်လည်း ယောက်ျားရှာဟု ပြန်ဖြေပါမည်။ သို့မဟုတ်လည်း နပုန်းဟု ပြန်ဖြေပါမည်။ ကျွန်တော်၏ စိတ်ကူးတစ်ခုမှာ အချိန်တစ်ခုပေး၍ ဂစ်တာတီးသင်ရန်နှင့် သီချင်းဆိုသင်ရန်ဖြစ်ပါသည်။ အချိန်ရပါက ... နာရီပေါ်မှ မျက်ရည်စက်များ သီချင်းကို ဒီဗွီဒီတစ်ချပ်စာ ကိုယ်တိုင်ပြန်တီး ကိုယ်တိုင်ပြန်ဆို၍ သူ့အား လက်ဆောင်ပေးချင်ပါသေးသည်။ သို့ရာတွင် သောက်သုံးမကျခဲ့သော ကျွန်တော့်မှာ အိပ်မက်ကို အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေရဆဲပင်ဖြစ်သည်။
ကိုယ့်ဆီလာခဲ့ပါ ... လျှောက်လည်ရအောင်ဟုလည်း ကျွန်တော် မဖိတ်ခေါ်နိုင်ခဲ့ပါချေ။ ဖုန်းတစ်ခါနှစ်ခါလည်း မဆက်နိုင်ပါချေ။ သူဖုန်းဆက်လျှင်သာ ဖုန်းချချပစ်တတ်သည့် ကျွန်တော့်အား ဘယ်ဘုရားသခင်၏ အမိန့်ဖြင့် သူတွယ်တာနေပါသနည်း။ ထိုဘုရားသခင်အား တိုးတိုးတိတ်တိတ် လာဘ်ထိုးရန်လည်း ကျွန်တော့်မှာ အဆင်သင့်ထုပ်ပိုးပြီးသား ကဗျာများသာ ရှိနေပါသည်။ ရင်ကွဲနာကျလုလု ခံစားရတတ်သည့် နေ့ရက်များ မကြာခင် ကုန်ဆုံးသွားကြပါလိမ့်မည်။
စကားတစ်ခွန်း ကြားဖူးပါသည်။ မလျှောက်ဘဲနေရင် မရောက် ... လျှောက်မှ ရောက်မည်ဟူ၍။ ကျွန်တော်ကား လျှောက်တော့ လျှောက်နေပါသည်။ သို့ရာတွင် လမ်းပြမြေပုံနှင့် သံလိုက်အိမ်မြောင်မပါသဖြင့် ဘယ်ကိုရောက်လို့ ရောက်နေမှန်း မသိပါချေ။ တော်သေးသည်ကား အနီးအပါးတွင် အဖော်ဆို၍ တစ်ယောက်သောသူပါနေသေးသဖြင့် ... ။ လာပါလေ ... ။ သွားကြပါစို့ ... ။
ကျေးငှက်ကလေးများ သီချင်းဆိုသည်ကို ကျလိကျလိဟုသာ ကျွန်တော် နားလည်ပါသည်။ သို့ရာတွင် ထိုကောင်မလေးသီချင်းဆိုလျှင် ကျွန်တော့်နားတွင် နားကြပ်တောင်နှင့် မထိတထိ လာလာကလိနေသလို ယားကျိကျိနှင့် ခံစားရတတ်သည်။ ထိုယားယံခြင်းကား ကြည်နူးနှစ်သိမ့်သော ယားယံခြင်းဟု ကျွန်တော်ကတော့ သတ်မှတ်ထားမိသည်။ သူ့ဘ၀ကလေးကို ပါဝင်ပတ်သတ်ခွင့် ရခဲ့ခြင်းလက်မှတ်အား အချိန်အတော်ကြာ ခေါင်းအုံးအောက်တွင် ထိုးဖွက်ထားခဲ့မိလေသည်။ တော်သေးသည်ကား ပျောက်မသွားခဲ့ချေ။
ဘ၀ကို အနမ်းချိုချိုများနှင့် ဒီလိုတည်ဆောက်ခဲ့ပါသည်ဟု သက်သေပြကြပါစို့လေ။ ငတ်လုဆဲဆဲ နေ့ရက်များကိုလည်း တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ပြီး ထမင်းလုတ်ကြီးကြီးများကို မှန်းပြီး ၀ကြပါစို့ ... ။ ငွေမရှိ၊ ဂုဏ်မရှိ၊ အသိုင်းအ၀ိုင်းမရှိ၊ ... မရှိခြင်းတရားများနှင့်အတူ ရှိခြင်းတရားများအတွက် ပန်းတိုင်သတ်မှတ်ပြီး သွားကြပါစို့။ ရင်ထဲမှာ ဆို့နင့်ပျောက်ကွယ်သွားခဲ့သော စကားသံများနေရာတွင် ကျွန်တော် သီချင်းတစ်ပုဒ်ဆိုနေမိခဲ့သည်။ သူကြိုက်သည်ဆိုသော ထူးအိမ်သင်၏ သီချင်းတစ်ပုဒ်မဟုတ်ခဲ့ပါချေ။ ဂစ်တာလည်း မတီးခဲ့ပါချေ။ သူအလွတ်ရနေသည့် ဖုန်းနံပါတ်တစ်ခုလည်း ကျွန်တော်မဟုတ်ခဲ့ပါချေ။ သူ့ဘ၀၏ အမှတ်တရ ကွက်လပ်တစ်ခုကို ကျွန်တော် ရယူနိုင်ခြင်းငှာ မစွမ်းသာသည့်အဆုံး၊ အရာအားလုံးကို မုန်းတီးစိတ်ဖြင့် ကျွန်တော်နာကျင်ကြေကွဲစွာ သီဆိုနေမိသည်ကား ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ထိုနေ့ရက်များက ကျွန်တော့်ကမ္ဘာလေးထဲတွင် လူမသိသူမသိ မုန်တိုင်းတိုက်ကာ ငလျှင်ပြင်းစွာလှုပ်ခဲ့သည်။ မျက်ရည်တွေ မိုးဖြစ် အက်ဆစ်တိမ်တိုက်တို့နှင့် နှလုံးသားတစ်ဝိုက်ကို တစ်ပြိုက်ပြီးတစ်ပြိုက် အဆက်မပြတ်တိုက်ခတ်ခဲ့သည့် အဆုံးတွင် ကျွန်တော်ကား လဲကျသေဆုံးခဲ့ချေပြီ။
ပုံပြင်ထဲကလို ရွှေမင်းသမီးလေး၏ အနမ်းတစ်ပွင့်ဖြင့်ပင် ရှင်သန်ထမြောက်လိုပါသည်။ သူကိုယ့်ကို နမ်းလို၏ မနမ်းလို၏လည်း ကျွန်တော် မသိပါချေ။ ဂစ်တာတီး၍ သီချင်းဆိုနေသည်ကို နားဆင်နေလေမြည်လား။ လာလည်ပါဟုပြောသော နေရာတစ်ခုကို သွားသွားလည်လည် လုပ်နေမည်လား။ ဖုန်းဆက်ကာ စကားတွေ မေးထူးခေါ်ပြောဖြင့်ပင် ပြောနေချေမည်လား ကျွန်တော် မသိပါချေ။ ကျွန်တော်သိနေသည့် တစ်ခုသော အရာကား ... တစ်ချိန်တွင် သူ ကျွန်တော့်ကို သတိတရရှိလိမ့်မည်။ ထိုအခါ ကျွန်တော့်အတွက် မြက်ပန်းတစ်ပွင့်ပင်ဖြစ်စေ ... သူ အမှတ်တရပြုလိမ့်မည်။ ကျွန်တော်ကား နှုတ်ဆက် ဓမ္မတေးတစ်ပုဒ်ဖြင့် အေးချမ်းငြိမ်သက်စွာ လဲလျောင်းလျှက် ... ။ သီချင်းချစ်သူနားဆင်ရန် ကျွန်တော့် အသက်ခန္ဒာဖြင့် တီးခတ်ယူရသည့် သီချင်းတစ်ပုဒ်ကား ချစ်ခြင်းမေတ္တာဖြစ်လေသည်။
ကဗျာဆရာတွေ စိတ်ကူးယဉ်ဆန်လွန်းသည် စိတ်ခံစားမှုကို ဦးစားပေးလွန်းသည်ဟူသည့် အချက်အား ဤနေရာတွင် အပြည့်အ၀ ကန့်ကွက်ခဲ့ပါသည်။ အရာတစ်ခုလည်း ထပ်လောင်း အသိပေးခဲ့ပါဦးမည်။ " ကိုယ်ခံရမှ သိမယ် " ဟူ၍ ဖြစ်သည်။ ထိုအခါမှ တမ်းတစရာ အမိလည်း အဆင်သင့်ရှိပါစေလေ။
ကျေးဇူးတင်ပါသည်။
ကိုဖြိုး