နီယွန်မီးရောင်တွေအောက်မှာ ကျွန်တော်တစ်ယောက်တည်း
လမ်းလျှောက်ရင်း စဉ်းစားတယ်
ကျွန်တော်ကို မယုံဘူးဆိုတဲ့ ကျွန်တော်ချစ်တဲ့သူ
တစ်ခါတစ်ခါတော့လည်း အခုလိုအချိန်မျိုးတွေမှာ
သူ့လက်ကလေးကို တင်းတင်းဆုပ်ကိုင်ရင်း
ဘ၀ထဲကို ခပ်ပြင်းပြင်းကလေး တိုးဝင်သွားချင်မိတယ်
သူကတော့ သိချင်မှ သိရှာလိမ့်မယ်
ကိုယ်ချင်းစာစိတ်တွေ ယိုဖိတ်ကျ
မျက်လုံးတွေ ကျိန်းစပ်နေတဲ့နေ့ ညက
ကျွန်တော်အိပ်မရပြန်ပါဘူး ..
သူမ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲဆိုတာကို
မမှီ မကန်း မလှမ်း မဝေးကနေ အတွေးနယ်ချဲ့ပြန်တယ်
ကိုယ်က ဘ၀ကို သူမပါပဲ ချိုရဲမယ် မထင်မိပြန်ဘူးကွယ်
သူ့အပြုံးလှလှကလေးတွေက ချိုမြနေလိုက်ကြပြန်တာ
ကိုယ် ကမ္ဘာမှားရောက်လာတာဖြစ်ပါလိမ့်မယ်
တစ်ရက်မှာ နာရီ နှစ်ဆယ်လောက် ကိုယ့်အတွေးကို
နှောင့်ယှက်စိုးမိုးခွင့် သူက ရထားတယ်
ကိုယ်ဘာလုပ်နေပါစေ .. သူက ပါနေတော့တာပါလားကွယ်
ကိုယ်ကျရှုံးတယ်လို့ မယူဆပါဘူး
သူက ကိုယ့်ဘ၀ကို လမ်းပြဖို့ ဘုရားသခင်က သူ့ကို လမ်းပြခဲ့တယ်
နောက်ဆိုရင် ကိုယ်သူနဲ့ ခရီးဆက်တော့မယ်လေ
အချစ်ရေ ..
လာပါ .. ၀င်ခဲ့ပါ .. အဲဒီ အသင့်ဖွင့်ထားတဲ့ တံခါးချပ်အတွင်းဘက်မှာ
ကံဆိုးမိုးမှောင် တံဆိပ်ကြီး ရှိနေတယ်ဆိုရင်တောင်မှ
ကိုယ်တို့ ကြိုးစားပြီး ခွာချကြမယ်လေ
အဲဒီ မယုံကြည်မှုကိုပဲ ကိုယ်တို့ ပြန်ယုံကြည်ထားလိုက်ကြတာပေါ့ကွယ်။
ကိုဖြိုး