ကျွန်တော်ကိုယ်တိုင်လည်း အတော်လေး လူဝါးဝခဲ့တာတွေ ရှိဖူးလေတော့ သူ့စာအုပ်ကိုဖတ်ရင်း ပြုံးလိုက်ရယ်လိုက်နဲ့ တစ်ယောက်တည်း ရူးနေသလိုတောင် ထင်ရတယ်။
စာလည်း မရေးဖြစ်တာကြာပြီမို့ စာရေးချင်စိတ်ကလေးကလည်း ပြင်းပြလာ။ လတ်တလော ဖတ်နေတဲ့စာအုပ်ကိုလည်း ဂုဏ်ပြုချင်တာကြောင့် ဦးသာဓုလိုပဲ ကျွန်တော်လည်း လူဝါးဝခဲ့တာလေးတွေထဲက တစ်ခုကို ပြောပြချင်ပါတယ်။
ကျွန်တော်ငယ်ငယ်ကပေါ့။ အသက်က တစ်ဆယ်ကျော်ကျော်ကလေးမှာ (ကလေးအရွယ်သာသာမှာ) အတော်လေးကို လူဝါးဝခဲ့ဖူးသဗျ။ ကိုဖြိုးရဲ့ ဦးလေးအကြီးတစ်ယောက် မင်္ဂလာဆောင်တော့ နယ်ဒေသတို့ရဲ့ ထုံးစံအတိုင်း မင်္ဂလာခန်းမမှာ စက္ကူရောင်စုံကြိုးလိပ်ကလေးတွေ ဟိုမှဒီ၊ ဒီမှဟို ချိတ်ဆွဲ။ အဲဒီကြိုးကလေးတွေကြားထဲမှာ ရောင်စုံပူဖောင်းတွေကို အပ်ချည်ကြိုးကလေးနဲ့ လိုက်ချိတ်။ မင်္ဂလာပွဲမစခင် တစ်ရက်အလိုမှာ ကိုဖြိုးအပါအ၀င် တခြားတခြားသော မင်္ဂလာပွဲကို ၀ိုင်းဝန်းကူညီသူတွေရဲ့ အထောက်အပံ့နဲ့ အခန်းအနားကျင်းပမယ့် ခန်းမဟာ အတော့်ကို လှပသွားတယ်ဆိုပါတော့ဗျာ။
ကိုဖြိုးက ကလေးတန်မဲ့နဲ့ လူကြီးတွေ ဘာပဲလုပ်လုပ် ကျွန်တော်လည်း ၀ိုင်းလုပ်ပေးမယ်ဆိုပြီး အသည်းအသန်လိုက် ကူညီနေမိခဲ့တာပေါ့။ အမှန်က ဆင်ကြံကြံနေတာဗျ။ ဒီလိုနဲ့ အလုပ်တွေလည်းပြီးရော အားလုံး အတူတူ လက်ဖက်ရည်သောက် အပန်းဖြေနေတုန်းမှာ ကိုဖြိုးက ဦးလေးကို မေးလိုက်တယ်။
"ဦးလေး မနက်ဖြန် မင်္ဂလာဆောင်ပြီးရင် သားကို အဲဒီ ပူဖောင်းတွေ အကုန်ပေးနော်" လို့။ အမှန်က မေးတယ်ဆိုတာထက် တောင်းတယ်ဆိုရင် ပိုမှန်မယ်။ သူကလည်း လျှောလျှောရှူရှူပါပဲ။ အင်းတဲ့။
တိုတိုနဲ့ လိုရင်းပြောရရင်တော့ မင်္ဂလာဆောင်လည်း ပြီးရော အားလုံးက ပန်းကန်ခွက်ယောက်တွေသိမ်းဆည်း ခုံတွေသိမ်းဘာညာလုပ်နေတုန်းမှာ ကိုဖြိုးက နောက်ထပ်သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး ပူဖောင်းတွေ လိုက်ဖြုတ်တာပေါ့။ ပြီးတော့ အသင့်ဆောင်ထားတဲ့ အပ်ချည်လုံးနဲ့ ပူဖောင်းတွေကို ကြိုးရှည်ရှည်ကလေးတွေ ချည်ပြီး အတွဲလိုက်ကြီးဖြစ်အောင် ကြံစည်တာပေါ့။ အပ်ချည်လုံးက မနေ့ကတည်းက ဖွက်ထားတာလေ။
အားလုံး သူ့အလုပ်နဲ့သူရှုပ်နေတုန်း ကိုဖြိုးလည်း သူငယ်ချင်းရဲ့ လက်ကို အသာဆွဲပြီး ဈေးထဲကို ပူဖောင်းတစ်တွဲနဲ့အတူ ထွက်ခဲ့တာပေါ့။ သူတော့ ဘာလုပ်မယ် မသိဘဲ ကန့်လန့်ကန့်လန့် ပါလာလေရဲ့လေ။ ဈေးထဲလည်းရောက်ကော ကိုဖြိုးတစ်ယောက် ကလေးရှိတဲ့ ဆိုင်တွေရှေ့မှာ တစ်ခေါက်ပြီးတစ်ခေါက်ဖြတ်လျှောက်တော့တာပါပဲ။ ပါးစပ်ကလည်း ပူဖောင်းတွေရမယ် ပူဖောင်းတွေဆိုပြီး တတွတ်တွတ်ရွတ်လို့ပေါ့။ ကိုဖြိုးကို သနားလို့ပဲလား ဘာလို့လဲတော့ မသိဘူး။ ပူဖောင်းတွေ ရောင်းရတယ်။ တစ်ချို့ဆိုရင် ဈေးတောင် ကပ်ဆစ်ကြသေးတယ်။
ကိုဖြိုးက တစ်ကျပ်ဖိုး သုံးလုံးနဲ့ ရောင်းတာလေ။ တစ်ချို့က လေးလုံးပေးပါဆိုပြီး ဆစ်ကြသေးရဲ့။ မရလို့ပါဗျာ ဘာညာပြောပြီး မနည်းရောင်းထုတ်ရတယ်။ အရင်းလည်း စစ်ကော နောက်ဆုံးပိတ်မှာ ကိုဖြိုးလက်ထဲ ပူဖောင်းတစ်လုံးနဲ့ ငွေ ၂၈ ကျပ်ခွဲရပါလေရော။ အတူအဖော်လိုက်ပေးတဲ့ သူငယ်ချင်းက ကိုဖြိုးနောက်ကနေ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်ရအောင်ကွာ လူကြီးတွေ သိသွားရင် အဆူခံရမယ်ချည်း ပြောနေတော့တာ။ ပိုက်ဆံတွေလည်းရရော ကိုဖြိုးက သူ့ကို ၈ ကျပ်ခွဲပေးတယ်။ ပြီးတော့ အိမ်ခေါ်သွားပြီး မင်္ဂလာဆောင်က ပိုတဲ့ ဒံပေါက်ထမင်းပါ ထပ်ကျွေးလွှတ်လိုက်တယ်။ လူကြီးတွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ်များနေကြတာမို့ မသိကြသေးဘူးလေ။
နောက်ရက် ဈေးပြန်ထွက်တဲ့နေ့မှာပဲ ကိုဖြိုးရဲ့ အဖိုးနဲ့ ဦးလေးတွေဆီကို တစ်ယောက်ပြီးတစ်ယောက် လာပြောကြလေရဲ့။ ကိုဖြိုးကတော့ အဆော့မက်သူပီပီ သွားကစားနေတာမို့ ဘာမှကို မသိလိုက်ဘူး။ အိမ်လည်းပြန်ရောက်ကော အဖိုးကစပြီး ကိုဖြိုးကို ခေါ်တယ်။ ဦးလေးတွေကလည်း ထိုင်နေတော့ ကိုဖြိုးတော့ အခြေအနေမကောင်းဘူးဆိုတာ သိလိုက်ပြီ။ အဲခါကျတော့ မျက်နှာငယ်လေးနဲ့ပေါ့။ အဖိုးက မေးတယ်။ မင်းပူဖောင်းတွေ လျှောက်ရောင်းစားတယ်ဆိုတာ ဟုတ်လားတဲ့။ ကိုဖြိုး ဘာတတ်နိုင်မှာတုန်း ဟုတ်ကဲ့ပေါ့။ ဘာလို့ရောင်းတာလဲတဲ့။ မုန့်ဖိုးလိုချင်လို့လားတဲ့။ ကိုဖြိုးက ခေါင်းခါပြလိုက်ပြီး မုန့်ဖိုးလိုချင်ရင် အဖိုးတို့ဆီကနေ တောင်းမှာပေါ့။ အခုက ပူဖောင်းတွေ အလကား ဖောက်ပစ်မယ့်အတူတူ ပိုက်ဆံရအောင် တမင်ရောင်းစားတာလို့ ပြောလိုက်တယ်။ အဲခါမှာပဲ ကိုဖြိုးရဲ့ အဖိုးရယ် ဦးလေးတွေရယ်က ကိုဖြိုးကို ပြုံးစိစိနဲ့ကြည့်ပြီး မင်းအတော် လူဝါးဝတဲ့ကောင်တဲ့ဗျာ။
အခုချိန်ထိ ကိုဖြိုး တစ်ယောက်နားမလည်တာတစ်ခုက ဘာများလူဝါးဝမိလို့ပါလဲဆိုတာကိုပေါ့။
ကိုဖြိုး