လောကမှာ အချစ်ဆိုတာပေါ်ပေါက်လာတော့ လူတွေမှာ အလုပ်တွေကို ရှုပ်သထက်ပိုပိုရှုပ်လာရတယ်။ အချစ်ဦးရတာနဲ့ အချစ်လယ်ရတာနဲ့ အချစ်ဆုံးရတာနဲ့။ စုံနေအောင်စိဆိုသလိုပါပဲ။ ငယ်ကချစ် အနှစ်တရာ မမေ့သာဆိုတဲ့ စကားလောက် မခံချိမခံသာ ဖြစ်စေတာ မရှိဘူးထင်တာပါပဲ။ အဲလိုပြောရကြေးဆိုရင် ရင်ခုန်ရစ်မူး ရူးမိုက်တွယ်တာမိခဲ့ဖူးတာ မှန်သမျှ မမေ့စရာတွေချည်း ဖြစ်နေတော့မှာပေါ့။ ဒီနေရာမှာ သူပြောဖူးတဲ့ စကားလေးတစ်ခွန်းကို (သိပ်တော်တာပဲလို့ တိတ်တဆိတ် မှတ်ချက်ပြုခဲ့ဖူးတဲ့) ပြန်ကိုးကားချင်ပါတယ်။ လူပဲ ဦးနှောက်ရှိနေတော့ မေ့မသွားဘူးပေါ့။ ဒါပေမယ့် တမ်းတမ်းတတကြီး တစ်ချိန်လုံး လွမ်းဆွေးနေတာမှ မဟုတ်တာ။ ပြန်စဉ်းစားရင်တော့ ပြန်ပေါ်လာတာပေါ့။ ဒါပေမယ့် အဲအတွက် ဘာမှ ထူးထူးခြားခြား ခံစားရတာမျိုးမရှိဘူးလေတဲ့။ ကဲ။ ဘယ့်နှယ့်ရှိစ။
သူကော ကျွန်တော်ပါ အချစ်ဦးတွေအဖြစ်နဲ့ ဆုံတွေ့ခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ဆုံးတွေအဖြစ်နဲ့တော့ လက်တွဲခွင့်ရခဲ့တယ်။ ထူးခြားတာက သူ့ရဲ့ စိတ်ပဲ။ သူက ကျွန်တော့်ကို မမြင်ဖူးခင်ကတည်းက သဘောထားကြီးစွာနဲ့ နားလည်ခဲ့သူလေ။ ကျွန်တော့်စိတ်ကလည်း ထူးခြားတာပါပဲ။ ကျွန်တော်က သူ့ကို မမြင်ဖူးခင်ကတည်းက မနာလို အူတိုနေတတ်တာကလား။
လှတယ်ဆိုတာကို သိနေပေမယ့် ဘယ်လိုလှတယ်ဆိုတာကို မရှင်းပြတတ်တာမျိုးကို ကြုံဖူးပါသလား။ ကျွန်တော်ကတော့ မကြာခဏဆိုသလိုပဲ ကြုံရတယ်။ သူ့ရဲ့ စိတ်က သိပ်ကိုလှတာပဲ။ ဘာနဲ့တူသလဲဆိုတော့ မိုးရွာပြီးကာစ ကောင်းကင်လိုပဲ။ ကြည်လင်နေတယ်။ သူက ကြောက်လည်း ကြောက်တတ်ရှာသေးရဲ့။ အားတုန့်အားနာကလည်း မကြာခဏဆိုသလိုဖြစ်တတ်သေးရဲ့။ သူ့အပေါ် မကောင်းတာတောင်မှ သိပ်မပြောထုတ်ရှာရဲသူလေ။ ကျိတ်မှိတ်ခံစားတတ်တာ သူ့သဘာဝလိုဖြစ်နေပြီထင်ပါရဲ့။ ကျွန်တော် သူ့အချစ်ကို ရခဲ့တာ ကျွန်တော် သိပ်ကံကောင်းလွန်းလို့ပဲ ပြောချင်တယ်။ ဟုတ်တယ်လေ။ ကျွန်တော့်လို မသိဆိုးရွားကောင်မှာ အဲဒီလို ဆုလာဘ်မျိုး ရှိနေတာဟာ အံ့သြစရာပါပဲ။
သူက ကျွန်တော့်ကို သူ့ရဲ့ အရိပ်ကလေးလိုပဲ တကြည့်ကြည့်နဲ့ နေရှာတယ်။ ကျွန်တော် မျက်နှာမကောင်းဘူးဆိုရင် သူပါ အလိုလိုနေရင်း မျက်နှာ မကောင်းတော့ဘူး။ ကျွန်တော်စိတ်တွေဆိုးပြီး ဒေါသတွေ တအားထွက်နေပြီဆိုရင် သူ့ခမြာနေစရာတောင် မရှိတော့လောက်အောင်ပဲ။ အသံတိတ်ဆိတ်ပြီး ကျွန်တော့်ရဲ့ အရိပ်အခြေကိုပဲ တွေဝေနေတဲ့ သူ့မျက်လုံးတွေနဲ့ အကဲခတ်နေတတ်တယ်။
သူ့ရဲ့ အရိုးခံ ဗီဇစိတ်ကြောင့် ကျွန်တော်နဲ့ သူဆုံတွေ့ခဲ့တယ်။ အဲဒါဟာ ဂုဏ်ယူလောက်စရာ ကိစ္စပါပဲ။ ဒါပေမယ့် လူတိုင်းအပေါ်ကို အဲလိုပဲ သူသဘောထားနေတတ်လွန်းတော့ လောဘကြီးတဲ့ ကျွန်တော့်အတွက်က မခံချင်စရာ ကိစ္စတစ်ခုလိုဖြစ်လာတယ်။ အဲဒီတော့ အကြောင်းမရှိ အကြောင်းရှာရှာပြီး သူ့ကို ရစ်နေမိတယ်။ ဘာမှ ပြန်ပြင်ယူလို့မရတဲ့ အတိတ်တွေကို ပြန်ပြန်တူးဆွပြီး သူ့ကို မခံချင်အောင် စနေမိတတ်တယ်။ သူကတော့ စိတ်မကောင်းတွေဖြစ်လို့။ အဲလိုတွေဖြစ်လာရင် ကျွန်တော်သူ့ကို သိပ်သနားပြီး သိပ်ချစ်တာပါပဲ။ သူ့မျက်နှာလေးကို ရင်ခွင်ထဲယူ ဖွက်ထားလိုက်ချင်တယ်။
သူက ကျွန်တော်မကြိုက်တာတွေကိုလည်း မကြာခဏဆိုသလို လုပ်လုပ်မိတတ်သေးတယ်။ တသက်လုံးစွဲလာတဲ့ အစွဲကို သူကိုယ်တိုင်လည်း စိတ်ပျက်နေပုံပါပဲ။ အဲလိုတွေ ကျွန်တော်မကြိုက်တာတွေ လုပ်မိပြီးရင် ကိုယ်က တုံးတယ်ကွဆိုပြီးတော့လည်း ခဏခဏ ပြောတတ်သေးတယ်။ ဟုတ်ပါရဲ့ကွယ်။ တုံးလိုက်တာ အလို့လို့ ကျွန်တော်က မပြောဖြစ်လိုက်ပါဘူး။ သူ့ကို သိပ်ချစ်တဲ့ ကျွန်တော်က သူအဲလို ပြောတဲ့အခါတိုင်း ပိုပိုတိုးတိုးပြီး ချစ်မိတာကိုး။
ပြောရင်လည်း ခင်ဗျားတို့ ယုံချင်မှ ယုံကြဦးမယ်။ ကျွန်တော် သိပ်ကံကောင်းတယ်။ သူက ကျွန်တော့်အတွက်ဆို အစစအရာရာ လိုလေသေးမရှိစေရဘူး။ ကျွန်တော်က အခန့်သားမနေချင်လို့ ၀င်ဝင်ပါရင်တောင် သွားသွားသွားဆိုပြီး နှင်ထုတ်တတ်သေးတယ်။ ကျွန်တော့်အတွက် အဆင်သင့်ဖြစ်နေအောင် မလုပ်ထားပေးရရင် အပြစ်ရှိနေတဲ့ သူတစ်ယောက်လို သူခံစားနေရပုံပါပဲ။ ကျွန်တော်ကတော့ သူ့အတွက် အဆင်သင့်ဖြစ်နေအောင် မလုပ်ထားပေးရရင် ကိုယ့်ကိုယ်ကို စိတ်တိုနေတတ်တယ်။ ငါချစ်တာ သူသိမှ သိပါ့မလားလို့လည်း စိတ်ပူနေမိတတ်သေးတာကိုး။
ပေါပေါများများ မရှိလှဘူးဆိုပေမယ့်လည်း အထိုက်အလျောက်တော့ ကျွန်တော်တို့ ဘ၀ကလေးဟာ သာယာနေတာပါပဲ။ အဆင်ပြေသာယာနေတာတွေက များလွန်းတော့ ပြဿနာကို မီးခွက်ထွန်းပြီးတောင် ရှာယူရတယ်။ ဒါမှလည်း ကတောက်ကဆလေးဘာလေးဖြစ်ပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လုပ်လို့ရမှာကိုး။ အဲလိုအချိန်တိုင်းမှာ သူကျွန်တော့်ကို တအားချစ်တာပဲလို့ တွေးမိပြီး စပ်ဖြီးဖြီးကြီးဖြစ်ဖြစ်သွားတတ်တာ ကိုယ့်ကိုယ်ကို ပြန်ပြန်သိနေတတ်ပြန်တယ်။
သူ့ရဲ့ အလှက ထူးခြားတယ်လို့ ဆိုရမယ်။ စိတ်လှတော့ အလိုလို ရုပ်ပါလှလာတယ်။ သာမန်ကြည့်လိုက်ရင်တော့ သာမန်ပါပဲ။ ဘာထူးခြားတယ် ညာထူးခြားတယ်ဆိုပြီး ထွေထွေထူးထူး ပြောစရာမရှိသူပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူနဲ့ အနေကြာလာလေလေ ပိုသိလာလေလေပါပဲ။ သူ့မျက်နှာလေးက အရမ်းကို အေးချမ်းတာပဲ။ ထိုင်ကြည့်နေလေလေ ပိုလှလှလာလေဆိုတာမျိုးပေါ့။ ကျွန်တော့်အတွက်ကတော့ ညည သူအိပ်မောကျနေရင် သူ့မျက်နှာလေးကို ငုံ့ကိုင်းကြည့်ပြီး … မောင်မတရားဘူးကွယ်လို့ တိတ်တခိုး ၀န်ခံနေရတာဟာ အလုပ်တစ်ခုလို ဖြစ်လာတယ်။
သူက ကျွန်တော့်ကို အိပ်ရေး၀၀ အိပ်စေချင်သူ။ အစားမှန်မှန်စားစေချင်သူ။ ကျွန်တော် ကျန်းမာရေး ထိခိုက်မှာ တအားစိုးရိမ်ရှာသူ။ ကျွန်တော်က ပေပေတေတေကောင်။ နေမကောင်းလို့တောင် ဆေးမှန်အောင် သောက်ချင်သူ မဟုတ်ဘူး။ ထူးထူးခြားခြားပါပဲ။ အခုတလော ကျွန်တော် အတော်ကလေးကို ချူခြာနေတယ်။ အခုမှပဲ တသက်လုံးတစ်ခါမှ မဖြစ်ဖူးတဲ့ ခံစားချက်တစ်ခုကဖြစ်လာတယ်။ နောက်ဆို ကျွန်တော် ဒိထက်ပိုပြီး ကျန်းမာနေမှဖြစ်မယ်။ တော်ကြာနေ သူပြုစုယုယတာကို မခံစားရဘဲနေဦးမယ်။ အား … ကြောက်စရာကြီး။ မတော်တဆ ကျွန်တော်သာ တစ်ခုခုဖြစ်သွားခဲ့ရင် … မဖြစ်ဘူး။ မဖြစ်ဘူး။ အဲဆုံးဖြတ်ချက်ကလေးကို သူလည်း တအားဝမ်းသာရှာလိမ့်မယ်။ ဒါပေမယ့် အိပ်မောကျနေတဲ့ သူ့ကို မနှောင့်ယှက်ချင်တာကြောင့် ထ ထ ဆိုပြီး အတင်းနှိုးမပြောတော့ပါဘူး။ ထုံးစံအတိုင်းပေါ့။ သူ့မျက်နှာကလေးကို ငုံ့ကိုင်းကြည့်ရင်း ပြောပြလိုက်မိတယ်။ နောက်ပြီး သူ့နှဖူးကလေးကိုလည်း ဖွဖွကလေး နမ်းမိသေးတယ်။
ထပ်ပြောဖြစ်လိုက်ပါရဲ့ … မောင်မတရားဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်စွတ်လုပ်တတ်တဲ့အကျင့်မှာ ကောင်းတာဆိုလို့ သူ့အချစ်ကို အတင်းအကြပ်တောင်းမိခဲ့တာပဲ ရှိလိမ့်မယ်။ စိတ်မဆိုးပါနဲ့ကွယ်။ အဲဒီ မတရားလုပ်တတ်တဲ့ ကောင်လေးမှာ ရင်နဲ့အမျှ စကားတွေကလည်း တင်းကြမ်းခံလို့နေပေါ့လေ။
ကိုဖြိုး