ခါးလွန်းတော့လည်း ထွေးထုတ်လိုက်ရုံပဲပေါ့
လူပုံအလယ် မနေနိုင်လောက်အောင်ကိုပဲ
လူတွေက လုပ်ပြခဲ့ပြီးပြီလေ
ကိုယ်သိပ်ချစ်ရတဲ့သူတွေကလည်း
ကိုယ့်ကို အထင်အမြင်တွေသေးနေကြပေါ့
ကြာလာရင် ဒဏ်ရာဗရပွကိုပဲ တယုတယ
မကုသဘဲထားနေရင်း ထားနေရင်းနဲ့
အပြုံးချိုချိုကလေးတွေ လိမ်းကျံထားတဲ့ မျက်နှာတွေမှာ
ကောက်ကျစ်မှုတွေက ပါပါနေတာကို
ငါ တွေ့တွေ့နေရပြန်တယ်
လက်ဖျားမှာ ငွေသီးတဲ့အခါကျမှ
အဲဒီ ပုပ်ပွနေတဲ့ ပါးစပ်ကြီးတွေကို ပိတ်ရမယ်တဲ့
ကံကြမ္မာငနဲသားကို သွားသွားဆဲနေတဲ့ လူတွေရှိတယ်
ကိုယ်က အညတရပါကွယ် ..
ဘ၀ကို တည်ဆောက်မပြနိုင်သေးတဲ့ အိပ်မက်တွေနဲ့ချည်း
အိပ်စက်နေရသူပါ ..
အိမ်ကလေးထဲ သော့ပိတ်ပြီး အိပ်နေတဲ့သူကိုမှ
မရအရနှိုးချင်နေခဲ့မိတယ်
ထ .. ထ .. ထ .. ဆိုပြီးတော့
အိပ်မက်ဆိုးတွေမက်တဲ့ညကပဲ ..
နေ့သစ်ကို မွေးဖွားလိုက်ပြန်တယ် ..
ကိုယ်က ကိုယ့်ယုံကြည်ချက်အတွက် ..
ကိုယ့်ကိုယ်ကို အသေခံပြလိုက်တယ် ..
လူသားတွေကို သိပ်မုန်းတဲ့အကြောင်းက
အပိုစကားတွေနဲ့ သူများဘ၀တွေကို ချုပ်နှောင်နေလို့ပဲဗျ .. ။
ကိုဖြိုး