ကြားဖူး နားဝ ရှိခဲ့ဖူးတယ်
တကယ်ဆို လူဟာ ခွေးထက် ကိုက်တယ်တို့
လူဟာ ခွေးထက် ဟောင်တယ်တို့လည်း ရှိသင့်သေးတာပေါ့ကွယ်
လူစင်စစ်ကနေ မေတ္တာတွေမဲ့ သစ္စာတွေပဲ့ကာ
ပါးစပ်ဖျားကနေ သွားရည်တမြားမြားနဲ့အတူ လျှံကျခဲ့တာတွေကတော့
လောက၀တ် စကားတွေသာဖြစ်တယ်
အချစ်ဆုံးကြီးရေ့ ... ကောင်းစေချင်လွန်းလို့ ပြောတာနော် ဆိုလားပါပဲ
အဆင်ပြေသာယာစေဖို့ မျှော်လင့်ပါတယ်တဲလေ
ဆင်ကော်နဲ့ ကပ်ထားသလို ခွာလို့လည်း မရ၊ ခွဲလို့လည်း မကွာတဲ့
သံယောဇဉ်ဆိုတာနဲ့ ချည်တုပ်နှောင် ...
မိတ်ဆွေတို့ရေ ... မှောင်လွန်းပါတယ်ကွယ်
ငါတို့ကတော့ မျက်နှာပြောင်ပြောင်နဲ့ပါပဲ
သွားကိုဖြဲပြီး လျှာတန်းလန်းတန်းလန်းနဲ့လည်း
သွားရည်တမြားမြား ကျပြရဲပေါ့
အမြီးမပါတာကလွဲလို့ စပ်စလူးခါပြဖို့ကိုလည်း
ဝန်မလေးလှပါဘူး
အသံစာစာ စာစာနဲ့လည်း ချိုချိုသာသာတွေ ပြောရဲဆိုရဲပေါ့
သတိသာထားနေ
ကွယ်ရာမှာ တိတ်တိတ်ကလေး ထိုင်ဆဲနေတယ်
ကြားပြီပြီလား အစချီချီပြီး လူတကာကြားမှာလည်း
အတင်းတွေ အဖျင်းတွေ သွားသွားထားတယ်
လာပြောကြမလို့လား ...
ထားစမ်းပါ ... နားစမ်းပါကွယ်
ငါက သနားကမားနဲ့မို့ပါ ... အပူရုပ်နဲ့ ဟန်လုပ်လို့နေပေါ့
ပြန်တုပ်တဲ့ ဒင်းတို့ကသာ လူယုတ်တွေလေ ...
သိပ်ကို ရိုင်းပြကြတာပဲ
(ငါ့လို စကားလှလှလေးတွေ သုံးသုံးပြီး ဆဲရတယ်) တဲ့
အား ...
ကျွန်တော့် ခြေသလုံးတွေ ယားလိုက်တာဆိုမှပဲ
"ထ" ကြည့်ဖြစ်တယ်
သူ့ဆုတောင်းက လူစင်စစ်ကနေ ခွေးဖြစ်စေသားကိုး။
ကိုဖြိုး