• Home
  • Posts RSS
  • Comments RSS
  • My Photography
Blue Orange Green Pink Purple

ကိုဖြိုး၏

စည်းအပြင်ကလူ

ချစ်သည် … သို့သော် …

၁။

မင်းဟာမင်းလျှောက် … ငါ့လက်ကို မတွဲနဲ့ …

အဖေရယ် … ရက်စက်လိုက်ရန်ကောလို့ … မတွေးဖြစ်ခဲ့ပါဘူး။ အဲအချိန်တုန်းက ကျွန်တော့်အသက်က သုံးနှစ်။ လမ်းသွားရင် လူကြီးကို လက်တွဲရမယ်လို့ သင်ပေးထားတဲ့အတိုင်း အဖေ့လက်ကို အတင်းတွဲမိတော့ အဖေက အဲလိုပြောတယ်။

တစ်ခါတလေများ လမ်းသွားလို့ သက်တူရွယ်တူကလေးတွေကို သူတို့ရဲ့ အဖေတွေက ချီပိုးထားရင် ကျွန်တော်က တိတ်တိတ်ကလေး ခိုးရယ်မိတတ်တယ်။ ဒီကလေးနှယ် … ကိုယ့်ဟာကိုယ်လည်း လမ်းလျှောက်လို့ရသားနဲ့ အဖေ့ကို သပ်သပ်မဲ့ ဒုက္ခပေးရသလားဆိုတဲ့ အတွေးမျိုးနဲ့လည်း ကြည့်တတ်သေးတယ်။

နောက်ပိုင်းမှာ ကျွန်တော်ဟာ လမ်းလျှောက်ထွက်ရင် အဖေ့ကိုမှ မဟုတ်တော့ဘူး ဘယ်သူ့လက်ကိုမှ မဆွဲတော့ဘူး။ အမေနဲ့ သွားရင် အမေက စိတ်မချလို့ လက်ကိုဆွဲပေမယ့်လည်း သားဟာသား လျှောက်မယ်လို့ ရင်ကလေး ကော့ပြီး ပြောတတ်လာတယ်။

ဖိုးဖိုးက ကျွန်တော့်ကို ကြည့်ပြီး သဘောကျနေလေရဲ့ …

သား … ကားတွေက အရမ်းအရမ်းမောင်းကြတာဆိုတော့ မျက်စေ့လျင်လျင်ထားနော် … ဟိုငေးဒီငေးမလုပ်နဲ့ … သိလား … တဲ့ … ဟုတ်ကဲ့ ဖိုးဖိုး … ကျွန်တော့်မျက်လုံးတွေဟာ သိမ်းငှက်တစ်ကောင်လို ထက်မြက်စေရပါမယ်လို့ ရင်ထဲမှာ ရေရွတ်မိလိုက်တယ် … ကျွန်တော် ကြီးပြင်းလာခဲ့ပြီလေ …

၂။

ကျွန်တော့်ကျောင်းစတက်တဲ့နေ့မှာ အဖေရယ် အမေရယ် ကျွန်တော်ရယ် … ကျောင်းခန်းထဲကို ၀င်တော့ အမေက ကျွန်တော့်လက်ကို တွဲတယ် … အဖေက ကျွန်တော့်ပုခုံးကို လက်တင်ပြီး ဖွဖွလေး ပုတ်တယ်။

ဟေ့ကောင် … မင်း စာကြိုးစားနော် … ဒါမှ တနေ့ ပညာတတ်ကြီးဖြစ်မှာကွ …

အဖေက အဲလိုပြောတော့ ကျွန်တော်က အဖေ့ကို နားမလည်သလို ပြန်မေးမိတယ်။ ပညာတတ်ကြီးဖြစ်တော့ ဘာဖြစ်လဲ အဖေ။ မင်းငါ့လို မပင်ပန်းဘူးပေါ့ကွာတဲ့။ အဖေ ပင်ပန်းနေလား အဖေ။ သား ကြီးလာရင် အဖေ့ကို မပင်ပန်းစေရဘူးလို့ ကတိတွေတိုးတိုးတိတ်တိတ် ကျိတ်ပေးခဲ့မိတယ်။ (ခုထိတော့ ကတိမတည်နိုင်သေးဘူး ဖေဖေ)

ညီမရဲ့ သားက သူ့ကိုစလွန်းတော့ မခံနိုင်လို့ထင်ပါရဲ့ … သစ်သားပေတံစောင်းနဲ့ မျက်နှာကို ဖြတ်ခုတ်ထည့်လိုက်တာ ဟိုကလေးခမြာ ခေါင်းကွဲသွားရှာတယ် …

ဆရာမကြီးရယ် … သားအတွက် ကျွန်မတောင်းပန်ပါတယ် …

မေမေ … သားတမင်လုပ်လိုက်တာပါ … မင်း အဖေက ကုလားမကြီးနဲ့ လျှောက်သွားနေတာ ပြောလို့ပါ။ ဖေဖေက မေမေ့ကို သိပ်ချစ်တာ သားသိတာပေါ့။ သူတို့က မဟုတ်တာပြောတာကိုး။ သားလည်း ငြိမ်ခံနေပါသေးတယ်။ မခံနိုင်တဲ့အဆုံး သားကို နောက်မစရဲအောင် တမင်လုပ်လိုက်တာပါ … မေမေ မတောင်းပန်ပါနဲ့ … မေမေလုပ်တာ မဟုတ်ပါဘူး …

ဆရာမ … ကျွန်တော့်ကို သူနောက်ထပ်မစဘူးဆိုရင် ကျွန်တော်လည်း ဘယ်တော့မှ အခုလို မလုပ်ပါဘူး …

ဒီလိုပြဿနာမျိုးမှာ ဖေဖေက ကျွန်တော့်ကို …

အေး … နောက်လည်း မင်းမှန်ရင် ခံမလာနဲ့ … ဘာဖြစ်ဖြစ် ငါလိုက်ရှင်းပေးမယ်တဲ့ …

အဲတုန်းက အဖေ့ရဲ့ မျက်နှာဟာ တိုက်ပွဲတွေကို စိန်ခေါ်နေတဲ့ အောင်နိုင်သူ စစ်သူကြီးတစ်ယောက်လို …

အခုတော့လည်း အဖေရယ် သားဟာ အောင်မြင်မှုဆိုတာကို ခံယူတတ်ဖို့ အောင်မြင်သူအဖြစ် ခံယူနိုင်ဖို့ … အရှူံးတွေကို ခပ်ပြုံးပြုံးကလေးနဲ့ ကြည့်နေတတ်ပြီ။ ဒီတစ်ကြိမ် အရှူံးဟာ အောင်မြင်မှုရဲ့ လှေကားတစ်ထစ်ပေါ့ ဖေဖေ … ဖေဖေ့တုန်းကလည်း ဒီလိုပဲ နင်းတက်ခဲ့ဖူးတယ်လေ … ။

၃။

မင်းသောက်ချင်တာ မင်းဟာမင်းမှာနော် …

လက်ဖက်ရည် ကျစိမ့်တစ်ခွက် ပေးပါ …

အဖေ့ကို အတုခိုးပြီး ကျွန်တော် ကျစိမ့်သောက်တတ်လာတယ် … ။ ငါ့သားကလေး ဘာစားမလဲဆိုပြီး ပြာပြာသလဲမေးပြီး ဟိုဟာစားပါလား ဒီဟာစားပါလားဆိုတဲ့ လူကြီးတွေကို ကျွန်တော် နားမလည်သလို ကြည့်တတ်လာတယ်။ လူတိုင်းဟာ သူ့အကြိုက်နဲ့သူဆိုတာကို အဲလူကြီးတွေ ဘာလို့ နားမလည်ကြပါလိမ့်။ စကားလုံး ခပ်ကြီးကြီး ငှားသုံးရရင်တော့ လူ့အခွင့်အရေးကို ကလေးဘ၀ကတည်းက ဘာလို့ မရကြပါလိမ့်။

ဖေဖေ ဆေးလိပ်မသောက်ပါနဲ့ … သားအနံ့မခံနိုင်လို့ပါ … လို့များ ကျွန်တော်ပြောခဲ့ဖူးမယ် ထင်သလား … ကျွန်တော်မကြိုက်တာကို ဖေဖေလုပ်ချင်လုပ်မယ် … ကျွန်တော် မပြောဘူး … မကြိုက်ရင် ဘေးထွက်ထိုင်နေလိုက်တယ်။ ဖေဖေဘာလို့ ကြိုက်တာပါလိမ့်ဆိုတဲ့ အဖြေကို ကျွန်တော် ကိုယ်တိုင် သိခဲ့ပြီ။ ကောင်းခြင်း မကောင်းခြင်းကို စဉ်းစား နားလည်တတ်ခဲ့ပြီ။ ဒီအချိန်မှာဆိုရင်တော့ ဖေဖေကော ကျွန်တော်ပါ … စွန့်လွှတ်လိုက်ကြပါစို့လို့များ ပြောမိမလားပဲ။

ဒီလိုနဲ့ လူပျိုပေါက်အရွယ်မှာ ဖေဖေနဲ့ ကျွန်တော့်အကြား ပြဿနာတွေများလာခဲ့တယ်။

၎။

မင်း အင်ဂျင်နီယာဖြစ်အောင်လုပ်ကွ … ငါမဖြစ်ခဲ့သမျှကို ငါ့သားလုပ်နိုင်ရမှာပေါ့ကွာ …

သား အနုပညာသမားဖြစ်ချင်တယ် ဖေဖေ …

ဒီလိုနဲ့ … ဒီလိုနဲ့ … ၀တ္ထုတစ်ပုဒ်စာ ရှည်လျားတဲ့ ပြဿနာပေါင်းများစွာကြားမှာ … ကျွန်တော် ခက်ထန်ရိုင်းစိုင်းခဲ့တယ် … ဖေ့ဖေ့ကို ကျွန်တော် ရိုင်းပြခဲ့တယ် … ဖေ့ဖေ့လက်သီးတစ်ချက်ကို ဘ၀တစ်သက်စာအတွက် ကျွန်တော်ရခဲ့ဖူးတယ် …

ဖေဖေရယ် … တကယ်ဆို အချိန်ကာလတစ်ခုကို ကျော်လွန်သွားရင် ကျွန်တော်ဟာလည်း အဖေတစ်ယောက် … ဖြစ်လာရတော့မှာ … ကျွန်တော်လေ … မေ့နေခဲ့လိုက်တာ …

ဒီနေ့ဆို ဖေဖေမျှော်မှန်းခဲ့တဲ့ သားတစ်ယောက် ဘ၀ဆိုတဲ့ လမ်းကြမ်းကြမ်းကို လဲလိုက်ပြန်ထလိုက် နည်းစနစ်နဲ့ လျှောက်နေပြီ ဖေဖေ …

သား ကြံခိုင်မှုတွေ လျော့ချင်လျော့နေလိမ့်မယ် … စိတ်ဓာတ်တွေက ကျကောင်းကျနေလိမ့်မယ် … အဲလိုအချိန်တွေဆိုရင်လေ … မင်းလုပ်တတ်ပါတယ် … မင်းလုပ်နိုင်ပါတယ်လို့ … ဖေဖေပြောလာမှာကို သိပ်မျှော်လင့်တာပဲ … အားပေးစကားချင်းအတူတူ ဖေဖေပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကျွန်တော့်အတွက်တော့ ခွင့်လွှတ်ခြင်း … နားလည်ခြင်း … ဖေးမခြင်း … စတဲ့ စတဲ့ အဓိပ္ပာယ်ပေါင်းများစွာ ပါဝင်လို့နေတာကို ကျွန်တော်နဲ့ ဖေဖေပဲ နားလည်ကြမယ်နော် …

ကျွန်တော် မှားခဲ့ဖူးသမျှ အမှားတွေအားလုံးကို ကျွန်တော့်ရင်ထဲမှာ ချေဖျက်ချလိုက်ပြီ …

အခုအချိန်မှာ ကျွန်တော့်ကို ခေါင်းပွတ်ပြီး မင်းကလည်းကွာ ယောက်ျားပဲဆိုပြီး ပြောဦးမယ့် ဖေ့ဖေ့ကို …

အဝေးတစ်နေရာကပဲ ကန်တော့လိုက်ရပါတော့တယ် … ။

Read More 2 comments | | edit post

ကဗျာ

အဲဒီကောင်က ရေးရတာခက်တယ်
အဲတော့လည်း လူတကာက လွယ်လွယ်ကူကူ ချရေးလိုက်ကြပေါ့
သူကလည်း ကဗျာ ငါကလည်းကဗျာ
အိုရွှေရောင်ကဗျာရယ်လို့
ဆရာဇော်ဂျီလို ရွတ်မိခဲ့ဖူးတယ်

လေးလုံးပဲစပ်စပ် မကျည်းရွက်ကိုပဲထပ်ထပ်
ဘီလူးပဲရယ်ရယ် တေးပဲထပ်ထပ်
ဘောပဲလည်လည် လွမ်းပဲချင်းချင်း
ကြေးကြိုးသရေလေလက်ခုပ်
ပါးစပ်က မှုတ်ထုတ်လိုက်တဲ့
လေပူဖောင်းတွေလို
ဟောဒီလောကကို အလှဆင်ဖို့ဆိုပြီး
ကဗျာတွေ ထွက်ကျလာတယ်

တစ်ခုတော့ ပြောခဲ့ပါ့မယ်
ဟောဒီလောကမှာ
ကဗျာတွေပေါတယ် ...
ကဗျာဆရာကတော့ ရှားတယ်။

ကိုဖြိုး
Read More 0 comments | | edit post

တစ်ယောက်တစ်ခွန်းနဲ့ချောက်တွန်းခံရသူနှစ်ယောက်

တစ်လှေလုံးလည်း ငါခုံးမတွေချည်းပါလား

ကိုဖြိုးရေ မင်းကောဘယ်လိုနေလည်း

ပြုံးပြနှုတ်ဆက်
အဲဒီလက်တွေကို လိုက်ဖြတ်ကြပါစို့

မိုးလှိုင်ညရေ ..

ကဗျာရေးမိတာ တစ်ခုနဲ့

ငါ့တိုက အပြစ်ကြီးကြီးတွေကျူးလွန်မိသလို

ပြောကြဆိုကြတဲ့ လူတွေကလည်း မနည်းမနောပေါ့
ဟားတိုက်မိပြန်တော့လည်း ငါတို့ပဲ ထပ်မှားကြဦးမယ်

မိုးလှိုင်ညဆိုတဲ့ကောင်လေးတစ်ယောက်

ကဗျာဆရာဖြစ်ခဲ့ရတာကလည်း ခင်ဗျားတို့ကြောင့်ပါပဲ

ခင်ဗျားတို့ အနေအထိုင်မတတ်မှုကြောင့်

သူဟာ လောကကြီးကို စတင်ဖတ်ကြားခဲ့တယ်

ကိုယ့်ကိုယ်မပြုံးတတ်အောင် လေ့ကျင်ထားရတယ်ကိုဖြိုးရေ

ရိုးသားတယ်ဆိုတာ နွားကျမှုတစ်မျိုးလို့

ဟားတိုက်နေတဲ့ လူတွေကြားမှာ

ငါတို့တွေ ခဏခဏနွားကျခံနေရပေါ့ မိုးလှိုင်ည

အဲဒီပုခုံးနဲ့ပဲ ငါ ခေတ်ကာလကို တင်းရုန်းချင်ခဲ့တာ ကိုဖြိုး

နောက်ဆုံးတော့လည်း ပုခုံးလဲပြဲ

ငါတို့တွေလည်း ဗုန်းဗုန်းလဲကျ

မိုးလှိုင်ညနဲ့ကိုဖြိုးဆိုတဲ့

လူ့မရိုးမသားနှစ်ကောင့်အသုဘကို

ဘယ်သူတွေလိုက်ခဲ့ကြမှာတုန်း

ကိုယ့်သေတွင်းကိုယ်တူးရဲခဲ့ပါတယ်

ကိုယ့်နဖူးကိုယ် သိုက်တူးရဲခဲ့ပါတယ်

ရာစုနှစ်ကို ရိုက်စစ်လိုက်တော့
မဖြစ်ညစ်ကျယ်တွေက သိပ်ကိုများလွန်းနေတယ်

မဖြစ်ညစ်ကျယ်တွေထဲကမှ

အဖြစ်ရှိအောင်မှောင်ခဲ့ဖူးတယ်

ကိုယ့်ဒဏ်ရာတွေနဲ့ကိုယ် ရောင်ခဲ့ဖူးတယ်

အဲဒီလိုနဲ့ပဲ

မှောင်လိုက် ရောင်လိုက်နဲ့

အဲဒီလူတွေကို ငါတို့ မပစ်ရက်နိုင်ခဲ့ပြန်ဘူး

ချစ်တတ်ခဲ့လွန်းတော့

အသားမှဆေးမှင်ထိုးသလို

အရိုးကိုပန်းပုထုသလို

စုဆောင်းခဲ့မိတဲ့ အနုပညာနဲ့ ဘ၀က

နာနာကျင်ကျင်လှတယ်

ငါတို့ရဲ့ အသေခံပြဇာတ်ကြီးလည်း

ကန့်လန့်ကာချသင့်ပေါ့

နောက်ဆုံးတော့

ဒဏ်ရာတွေကျန်ခဲ့တဲ့

ခံတပ်ဟောင်းတစ်ခုလို

တိတ်ဆိတ်အေးစက်လို့

ငါတို့ဟာ ကိုယ့်ဈာပနကိုယ်တော့

သရဏဂုံတင်ပေးနိုင်ခဲ့တယ်

ကိုဖြိုး/မိုးလှိုင်ည

Read More 1 Comment | | edit post

သေချင်းဇိုးရောဂါ

ဘယ်ကလာပြီး ၉၆ ပါးရမှာတုန်း
လူ့ကမ္ဘာလူ့လောကက သိပ်အကုသိုလ်များကြတယ်
အသစ်အသစ်တိုးလာတဲ့ အကုသိုလ်ဆိုးတွေကို
ဒဏ်ခတ်ဖို့ လှံချက်ကြမ်းကြမ်းတွေ ပစ်ခတ်ပစ်လိုက်တယ်

နာမည်ကျော်ရောဂါဆိုးတစ်ခုနဲ့ပဲ
လူတွေ ကျဆုံးသွားခဲ့ရတယ်
ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်
သူများမကောင်းများများပြော
ကိုယ်ကောင်းကြောင်းများများပြော
မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးတဲ့ဗျာ

သောက်ရှက်ကနည်းကြတယ်
မျက်ခွက်ဆိုးတွေကို မျက်နှာဖုံးတပ်ပေးဖို့
ဗိုင်းရပ်စ်ပိုးတွေ ပြေးလာပြီ

ကိုဖြိုး
Read More 1 Comment | | edit post

ကွန်တော်နှင့် ကင်မရာမျက်လုံး၏ တစ်ညတာ

ဒီတစ်ည ဘယ်လိုကုန်သွားတယ်ဆိုတာ ကျွန်တော် မသိလိုက်ဘူး။
အကြိမ်ကြိမ် ဖြုတ်လိုက်တပ်လိုက် လုပ်နေရင်းကပဲ စက္ကန့်တွေ မိနစ်တွေ ကုန်ဆုံးသွားခဲ့တယ်။
ဇင်ကိုလတ်ရဲ့ ကျွန်တော်လွတ်ကျခဲ့တဲ့ ကင်မရာမျက်လုံးကြီးနဲ့ လုံးလည်ချာလည်လိုက်ရင်း အဆုံးမတော့ ထွင်သူက ထွင်နိုင်ရင် ပြင်သူကလည်း ပြင်နိုင်ရမယ်ဆိုတဲ့ ကျွန်တော့်ခံယူချက်အတိုင်း အောင်မြင်သွားခဲ့တယ်။
ကျွန်တော့်ရဲ့ တစ်ညတာကို စိုးမိုးသွားသူကတော့ ....
ဒီငတိပေါ့ဗျာ ...
Focus ချိန်လိုက်တိုင်း အန်အန်ချလာတဲ့ မှန်ဘီလူးကြီးကို စွဲစွဲမြဲမြဲနဲ့ လည်လည်ဝယ်ဝယ်ရှိစေဖို့ ကြိုးပမ်းအားထုတ်လိုက်ရတဲ့ အမှတ်တရလေးပေါ့။
လူတစ်ယောက်ရဲ့ အမြင်အာရုံလို ဖော်ပြပေးနိုင်တဲ့ 50 mm လန်းစ်လေးကို ဒီလိုစခွာပါတယ် နွှာပါတယ်။
အရင်ဆုံး နံပါတ် ၆ နဲ့ ၇ ကို ဖြုတ်လိုက်ပါတယ်။
ပြီးတော့ နံပါတ် ၅ ကို ကလော်ထုတ်ပါတယ်။ သူက နှစ်ဖက်တိပ်နဲ့ ကပ်ထားတာပါ။ သူ့ကိုဖြုတ်တဲ့နေရာမှာ Camera Mount နဲ့ ဝေးတဲ့ဘက်ကို မြှောက်ဖြုတ်ရပါတယ်။ AF/MF Switch အထိန်းကျိုးမှာစိုးလို့ပါ။
နောက် အဲအောက်ခြေမှာရှိတဲ့ ၀က်အူတစ်လုံးကို ဖြုတ်ပါတယ်။ အဲဝက်အူအောက်က ကလစ်ကလေးကို ကလော်ထုတ်ပါတယ်။
ပြီးသွားရင် အသာအယာဆွဲထုတ်ပါတယ်။ မှန်ဘီလူးရဲ့ ဆားကစ် နဲ့ Camera Mount ဆားကစ်ကို ဆက်ထားတဲ့ ကြိုးပြားပါးပါးလေး ပြတ်သွားမှာစိုးလို့ပါ။
ပြီးတဲ့အခါ နံပါတ် ၃ ဖြစ်တဲ့ Lens Mount Cap ကို ကလစ်တွေ ကလော်ပြီး ဖြေးဖြေးချင်းဖြုတ်ပါတယ်။ ကလစ်တွေကျိုးကုန်ရင် ရင်ပါကျိုးရမှာပါ။ Camera Mount ဆားကစ်အထိုင်မှာ ၀က်အူ ၂ လုံးပါပါတယ်။ အဲဒါလေးကို ဖြုတ်ပြီး ဖြေးဖြေးချင်းဆွဲထုတ်လိုက်ရင် နံပါတ် ၁ နဲ့ ၂ ဟာ အလိုလို ကွာသွားမှာဖြစ်ပါတယ်။
အခုဖြစ်စဉ်မှာ အဓိကအကျဆုံး ပြဿနာကောင်က နံပါတ် ၄ ဖြစ်ပါတယ်။ အဲဒီ သံကွင်းလေး ၂ ကွင်းကွာသွားတဲ့အတွက် လန်းစ်ဟာ လန်းစ်အိမ်ထဲကနေ ခုန်ခုန်ထွက်နေတာဖြစ်ပါတယ်။
အဲဒီသံကွင်းလေး နှစ်ကွင်းကို သူ့ရဲ့ လမ်းကြောင်းမှန်အောင် စူပါဂလူးလို့ခေါ်တဲ့ ဆင်ကော်နဲ့ သေချာစွာကပ်ပေးပါတယ်။ ကော်ခြောက်ပြီး မြဲသွားတဲ့အခါ သံကွင်းရဲ့ အတွင်းအပြင် နှစ်နေရာစလုံးကို ကော်ပတ်စားပေးရပါတယ်။ ကော်ပတ်မစားရင် ကော်တွေထစ်နေတဲ့အတွက် လန်းစ်က လည်မှာ မဟုတ်ပါဘူး။
သံကွင်းလေးတွေ စွဲသွားမြဲသွားတဲ့အခါမှာ သူ့လမ်းကြောင်းအတိုင်း နံပါတ် ၁ လန်းစ်အိမ်ထဲမှာ အထိုင်ပြန်ချပေးရပါတယ်။ ကလစ်ကလေး မြဲသွားပြီဆိုရင် အဆင်ပြေပြီပေါ့။ ပြီးတဲ့အခါမှာ ဖြုတ်ခဲ့တုန်းက အဆင့်တွေအတိုင်း ပြောင်းပြန်ပြန်တပ်ပေးရပါတယ်။
ဒီနေရာမှာ တစ်ခုသတိပြုရမှာက AF/MF Switch ပါပဲ။ နံပါတ် ၂ က ခလုတ်နဲ့ ကိုက်ညီမှုရှိရပါမယ်။
အထိုင်အားလုံးချပြီးလို့ နံပါတ် ၅ ခလုတ်အိမ်အောက်က ၀က်အူလေးကို ပြန်တပ်မယ်ဆိုရင်လည်း အတွင်းက ပင်နယံတွေရဲ့ အထိုင်အတိုင်း သေချာချိန်ပေးရဦးမှာပါ။ အားလုံးတပ်ပြီးသွားပြီဆိုရင် လန်းစ်ရဲ့ မှန်သားတွေကို အ၀တ်စနဲ့ သေချာပွတ်ပြီး စမ်းရိုက်ကြည့်လို့ရပါပြီ။
စမ်းရိုက်ကြည့်တဲ့အခါမှာ လွတ်ကျထားတဲ့ အရှိန်ကြောင့် မော်တာ ကစားတဲ့အသံ အနည်းငယ်ကြမ်းတာ၊ AF/MF ခလုတ်အရွှေ့အပြောင်းအနည်းငယ် ကြပ်နေတာ ဒီနှစ်ခုကလွဲရင် အကုန်အဆင်ပြေပါတယ်။ Auto Focus (AF) နဲ့ပဲရိုက်ရိုက်၊ Manual Focus (MF) နဲ့ပဲရိုက်ရိုက် ဂျီးဂျီးဂျီးအော်ပြီးတော့ ပုံတွေကို ဖမ်းယူတော့တာပါပဲ။ ရိုက်လိုက်သမျှပုံတွေမှာလည်း ပုံမှန်အတိုင်း အလုပ်လုပ်ပါတယ်။
ကင်မရာရဲ့ မျက်လုံးတွေအားလုံးဟာ တည်ဆောက်ပုံ ခပ်ဆင်ဆင်တွေချည်းပါပဲ။ ဒါကြောင့် နောင်မိမိရဲ့ လန်းစ်များတစ်ခုခုဖြစ်ခဲ့ပြီဆိုရင် ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။
စိတ်ရှည်ရမယ်။ ညှင်သာမှုရှိရမယ်။ လောမကြီးဘဲ ဖြည်းဖြည်းချင်း ဖြုတ်လိုက်တပ်လိုက်လုပ်သွားမယ် ... ပြဿနာဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိမယ်ဆိုရင် အကောင်းအတိုင်းပြန်ရမှာပါ။
ကျွန်တော်ကတော့ ၀ရန်တီလည်း မရှိ။ ဆားဗစ်စင်တာလည်း ပြန်ပို့လို့မရတာမို့ ကိုယ့်ဟာကိုယ်ပြင်လိုက်ရတာပါ။ အကယ်၍ မိတ်ဆွေတို့မှာ ဆားဗစ်စင်တာပို့ပြီး ပြင်ဆင်နိုင်သေးရင်တော့ မစွန့်စားစေချင်ပါဘူး။ အန္တရာယ်များလို့ပါ။ လန်းစ်တွေကလည်း သိတဲ့အတိုင်းပဲလေ ... ဈေးက သေးတာမှမဟုတ်တာ။
ဒီပို့စ်အတွက် ကျွန်တော့်ကို လွှင့်ပစ်ခါနီး လန်းစ်ကြီးလက်ဆောင်ပေးပြီး လုပ်ချင်ရာလုပ်ခွင့်ပေးခဲ့တဲ့ ကိုဇင်ကိုလတ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ကိုဖြိုး
Read More 0 comments | | edit post

ကဗျာဆရာလက်တစ်ဆုပ်စာနှင့် ...

နောက်ကျနေတဲ့ ပရော်ဖက်ဆာတွေက
ဟောဒီကမ္ဘာကို အတိုင်းသား မြင်လိုက်ကြတယ်

အဲဒီပရော်ဖက်ဆာတွေနဲ့ ဟောဒီကမ္ဘာ
ကယ်လို့မရနိုင်တာတော့ သေချာသွားပြီ

ကဗျာဆရာလက်တစ်ဆုပ်စာနဲ့တော့
ဘာကာရံမှလည်း မလှတော့ပါဘူး

အရာရာဟာ အရင်ကနဲ့ ဟိုးအရင်ကလိုပါပဲ
နောက်ကျနေခဲ့ပြီ ...

ကိုဖြိုး
Read More 0 comments | | edit post

အမည်မဲ့

တကယ်လို့ ကျွန်တော်ထွက်သွားခဲ့ပြီဆိုရင်
သစ်သားကဗျည်းတစ်ချပ်လေးတောင်မှ ချန်မထားကြေး
အသုံးမ၀င်တဲ့ ရေပွက်ကလေးတစ်ခုရဲ့ အမှတ်သင်္ကေတ
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မပြကြေး

လမ်းမဆုံးသေးပေမယ့် ခရီးကတော့ ဆိုက်ခဲ့ပြီ

ကိုဖြိုး
Read More 1 Comment | | edit post

စိတ်ပြေလက်ပျောက်

မိုးတိမ်တွေ ညိုတာ ဘာလို့လဲ မေးရင် ...
သူတို့လည်း ...
ကိုယ့်လို ငိုချင်လို့ ဖြစ်မှာပေါ့ကွယ် ...

မေမေရယ်လေ ...
သားဘ၀က နာလိုက်တာ ...
စိတ်ထင်တိုင်းပေါက်ခဲ့ပြီးမှ
လိုရာခရီးမရောက်လိုက်ရတဲ့ ဘီးလို
ခုတော့လည်း သံချွန်မြမြတစ်ခုက
ရင်ဘတ်ထဲ ရှလို့နေပေါ့ ...

လူ့သဘောက်တွေကြောင့်
စိတ်ကလည်း နှောင့်လို့နေရတယ်
ပတ်ဝန်းကျင်ဆိုတာ အတင်းပြောရုံကလွဲလို့
ဘာမှ မလုပ်ပေးတတ်တဲ့ သတ္တ၀ါတစ်ကောင်ပေါ့
ပြောင်းချင်တိုင်း ပြောင်းသွားတတ်ကြတဲ့ စိတ်တွေကြားမှာ
ကျွန်တော့်အိပ်မက်ကလေး ပါးပါးလှပ်လှပ်ရယ်နဲ့
ထောင်းခနဲ ထောင်းခနဲ ကြိုးတွေပြတ်ထွက်သွားတယ်

မသင့်ပါဘူးကွယ်တဲ့
လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေကြားမှာ
တိတ်တိတ်ကလေး ကျိတ်ငိုဖူးခဲ့ရတာတွေကို
ဘယ်သူ သိနားလည်မှာလဲ

ဖြစ်နိုင်ရင်တော့လည်း
စိတ်ပြေလက်ပျောက်အနေနဲ့
လမ်းလေးခွဆုံမှာ ထိုင်ပြီး
တွေ့သမျှလူကို တိုးတိုးကလေး ထိုင်ဆဲနေလိုက်ချင်မိတယ်
ကိုယ့်ကိုယ်ကို စပြီးတော့ပေါ့ကွယ် ...

မိုးတိမ်တွေ ညိုတာ ဘာလို့လဲ မေးရင် ...
သူတို့လည်း ...
ကိုယ့်လို ငိုချင်လို့ ဖြစ်မှာပေါ့ကွယ် ...

ကိုဖြိုး
Read More 1 Comment | | edit post

နှောင်းလူ

ငါ့အသားမျှင်တွေကို ခြစ်ထုတ်
ငါ့အရိုးကို အုတ်ဂူပြန်လုပ်လိုက်တယ်

ငါဟာ ...
သူများနောက်မှ မုန့်ရတဲ့
ကလေး

အထင်အမြင်သေးတတ်ကြတဲ့ လူတွေရဲ့အကြားမှာ
နောက်ဆုံးကနေ ၀င်ရပ်မိပြန်ခဲ့
ဦးစားပေးစာရင်းဆိုတာကို
အမောတကော ပြေးပြေးပြီးလည်း
ကြည့်တတ်သေးတယ်

မျက်ရိုးမျက်ရိပ်တွေကလည်း
အသုံးမကျခဲ့ပါဘူးကွယ်
ငါ့ဘက်ကို တစ်ချက်လှည့်မကြည့်သူတွေအတွက်
ငါ့မျက်နှာပျက်သွားလည်း
သွားတာပဲရှိလိမ့်မယ်

လောကလေဆန်ကို ပျံတက်ဖို့ အားယူ
ခုတော့လည်း ချည့်နဲ့တဲ့ ခါးနဲ့
သူရဲအိုတစ်ယောက်ရဲ့ ခံစားချက်မျိုး
ဓားအိမ်ကို တင်းနေအောင် ဆုပ်လိုက်တယ်

မျက်ရည်တစ်သုတ် ရုတ်ခနဲအကျမှာ
ငါ့ဘ၀ကို ငါတကယ်ပဲ
ပြန်ရှာလို့တွေ့မှာလား။

ကိုဖြိုး
Read More 1 Comment | | edit post

ရုပ်ရှင်ကြည့်ကြမယ်

ပိုက်ဆံတွေလည်း ထပ်တလဲလဲ မကုန်ချင် ... ရုပ်ရှင်ဝါသနာအိုးဆိုရင်တော့ အွန်လိုင်းကနေ အလကားကြည့်လို့ရတဲ့ ရုပ်ရှင်တွေကို စိတ်ဝင်စားမယ်ထင်တယ် ... ကွန်နက်ရှင်မကောင်းရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ ...

ပထမဆုံး မိတ်ဆက်ပေးချင်တာကတော့ ဖုန်းရှင် ဆိုတဲ့ ကိုရွှေတရုတ်ဆိုဒ်တစ်ခုပေါ့ ... ၀င်လိုက်တာနဲ့ တရုတ်စာတွေချည်း မြင်လို့ စိတ်တော့ညစ်မသွားနဲ့နော် ... သူတို့လည်း ကျွန်တော်တို့လိုပဲ တရုတ်စာသည်တို့စာ လုပ်ထားတာနေမှာပေါ့။ ညာဘက်မှာ မြားပုံလေးနဲ့ V1. ဆိုတဲ့ ဟာလေးတွေ့လိမ့်မယ် နှိပ်ထည့်လိုက်ရင် သူ့ Client ဆော့ဖ်ဝဲလ်ကိုရပြီ။ ဒါကို စက်ထဲသွင်းထားလိုက်ရုံပါပဲ။ နောက်ဆို အဲဆော့ဖ်ဝဲလ်လေးဖွင့် ကြည့်ချင်တဲ့ကားကို ပုံလိုက်ရှာ ... ဖွင့်ထားလိုက်ရုံပဲ။ သူ့ဟာသူ ဆွဲနေလိမ့်မယ်။ ဆွဲလို့ပြီးပြီဆိုရင် ခွေထိုင်ကြည့်နေသလိုပဲ ကြိုက်သလို ကျော်ကြည့် ရစ်ကြည့်။ သူကတော့ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ စုံနေတာပဲ။

နောက်တစ်ခုအနေနဲ့ကတော့ မြန်မာကားတွေ၊ သိုင်းကားဇာတ်လမ်းတွဲတွေ၊ ကိုရီးယားကားတွေ၊ ဟောလီးဝုဒ်က ဇာတ်ကားကောင်းတွေကို စုစည်းပေးထားတဲ့ ရွှေအိုးကိုပါ။ ကွာလတီသိပ်အကောင်းကြီး မဟုတ်ပေမယ့်လည်း ထစ်ထစ်ငေါ့ငေါ့မဖြစ်ဘူးဆိုတော့ ကြည့်လို့အဆင်ပြေပါတယ်။

လောလောလတ်လတ် တခြားသိတာတွေ မရှိသေးတော့လည်း ဒါလေးတွေနဲ့ ကျေနပ်နေရတယ်ဗျ။ စာဖတ်သူတွေထဲကနေ ဘယ်ကတော့ဖြင့် ရသေးတယ်ဆိုတာမျိုး ကွန်မက်ခဲ့မယ်ဆိုရင် ထပ်ပြီးဖြည့်စွက်ပေးပါ့မယ်။

မြန်မာဇာတ်ကားတွေကို ဒီနေရာကနေလည်း ကြည့်လို့ရပါတယ်။
တရုတ်သိုင်းကားတွေကြိုက်တယ်ဆိုရင်တော့ ဒီနေရာမှာ ကြည့်ပါ။ နောက်ပြီး ဒီနေရာတွေ၊ ဒီနေရာတွေ၊ ဒီနေရာတွေမှာကောပေါ့။
Read More 1 Comment | | edit post

ကြွက်ထောင်ခြောက်

မနက်ခင်း အာရုဏ်ကလင်းပြီဆိုတာနဲ့
လောကဟင်းလင်းပြင်ထဲမှာ
ဖြတ်နင်းသွားလာနေကြတဲ့ လူတွေ လူတွေ
ခပ်လှမ်းလှမ်းက ကြည့်နေရရုံနဲ့
ကမျူးရဲ့ ပုလိပ်ကို ပြေးပြေးပြီး သတိရမိစေတယ်
သူတို့ရဲ့ ဦးနှောက်ထဲမှာ
အသက်မွေးဝမ်းကျောင်းမှုဘာသာရပ်တွေကို ထည့်ထားပြီး
တိုးဝှေ့သွားလာနေကြတယ်လေ

တစ်ကိုယ်ရေတကာယလှည့်ပြန်လာခဲ့မိတဲ့ လမ်းပါပဲ ...
ဘယ်သူကမှ အရေးတယူမလုပ်တဲ့ နေ့ရက်တွေများစွာမှာ
ငါတစ်ယောက်တည်း ...
လင်းနေအောင် ထိုင်နေပေမယ့်လည်း
လင်းမလာသေးတာကို မှောင်နေအောင် ခံစားရတယ်

ကျေးဇူးပြုပြီးတော့ အဲဒီ ကြွက်ထောင်ခြောက်ကြီးရဲ့ တံခါးကို
ချိုးဖျက်ဖွင့်ပေးလိုက်ပါ ...

ကိုဖြိုး
Read More 0 comments | | edit post

ဥာဏ်စဉ် (၂၂) ပါး

Facebook မှာ စကားရှည်မိလို့ အသေးစိတ်ပြန်ရှင်းပြထားရတာကို ဒီဘလော့ဂ်ပေါ်မှာလည်း ထပ်တင်ပေးလိုက်တာပါ။
ဒေါက်တာ အေ၊ အမ်ဘေကာ M.A.,Ph.D.,Olitt.,Bar-at-Law,D.Sc.,M.L.C., အိန္ဒိယတရားဝန်ကြီးချုပ်ဟောင်းက မေး၍ ဘိက္ခူအရိယဓမ္မ B.A က ဖြေကြားသော ဗုဒ္ဓ၀ါဒပြဿနာများ စာအုပ်မှ ကိုးကားထားပါတယ်။
၁။ နာမရူပပရိဂ္ဂဟဥာဏ် (စိတ်တို့၏ တကယ့်သဘာဝနှင့် ရုပ်တို့၏ တကယ့်သဘာဝကို ပိုင်းခြား၍ သိသောပညာဥာဏ်အလင်း)
၂။ ပစ္စယပရိဂ္ဂဥာဏ် (စိတ်နှင့်တကွ အထောက်အပံ့သဘောတို့ကို၎င်း၊ ရုပ်နှင့်တကွ အထောက်အပံ့သဘောတို့ကို၎င်း ပိုင်းခြား၍ သိသောပညာဥာဏ်အလင်း)
၃။ ပမ္မသနဥာဏ် (ရုပ်၏ ဖြစ်ပျက်မှု၊ နာ၏ ဖြစ်ပျက်မှုတို့ကို မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ဖြင့် မြင်သောပညာဥာဏ်အလင်း)
၎။ ဥဒ္ဒယဘယဥာဏ် (ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကို ရှုမြင်သော ပညာဥာဏ်အလင်း)
၅။ ဘင်္ဂဥာဏ် (ရုပ်နာမ်တို့၏ အပျက်ကိုသာ ရှုသော ပညာဥာဏ်အလင်း)
၆။ ဘယဥာဏ် (ရုပ်နာမ်ကို ကြောက်မက်ဖွယ် ရှုမြင်သော ပညာဥာဏ်အလင်း)
၇။ အာဒိန၀ဥာဏ် (ရုပ်နာမ်တို့၏ အပြစ်ကို ရှုမြင်တတ်သော ပညာဥာဏ်အလင်း)
၈။ နိဗ္ဗိဒါဥာဏ် (ရုပ်နာမ်တို့ကို ငြီးငွေ့သော ပညာဥာဏ်အလင်း
)
၉။ မုစ္စိတုကမျတာဥာဏ် (ရုပ်နာမ် ပျက်စီးမှုတို့မှ လွတ်မြောက်လိုသော ရှုမြင်မှု ပညာဥာဏ်အလင်း)
၁၀။ ပဋိသင်္ခါဥာဏ် (တဖန် လွတ်လိုသော ရှုမြင်မှု ပညာဥာဏ်အလင်း)
၁၁။ သင်္ခါရူပေက္ခာဥာဏ် (ဖြစ်ပျက်မှုတို့ကို လျစ်လျူပြု ရှုမြင်သော ပညာဥာဏ်အလင်း)
၁၂။ အနုလောမဥာဏ် (အောက်ကသိပြီးသော ပညာအလင်းနှင့် အထက်ဆက်သိရန် ပညာအလင်းတို့ကို လျော်စွာ ရှုမြင်သော ပညာဥာဏ်အလင်း
)
၁၆။ သကဒါဂါမိ မဂ်ဥာဏ် (လောဘ၊ ဒေါသဖြင့် တွေဝေမှုတို့ကို ထပ်၍ ထပ်၍ ပယ်သော ပညာဥာဏ်အလင်း)
၁၇။ သကဒါဂါမိ ဖိုလ်ဥာဏ် (ဤ အထက်ပါ မဂ်ဥာဏ်၏ အကျိုး)
၁၈။ အနာဂါမိမဂ်ဥာဏ် (ကာမ၊ ရာဂနှင့် စိုးရိမ်စိတ်တို့ကို ကုန်စင်အောင် ပယ်သော ပညာဥာဏ်အလင်း)
၁၉။ အနာဂါမိဖိုလ်ဥာဏ် (ဤ အထက်ပါ မဂ်ဥာဏ်၏ အကျိုး
)
၂၀။ အရဟတ္တမဂ်ဥာဏ် (ကိုယ်တွင်းရန်သူ ဟူသမျှတို့ကို အကြွင်းမဲ့ ပယ်သော ပညာဥာဏ်အလင်း)
၂၁။ အရဟတ္တဖိုလ်ဥာဏ် (ဤ အထက်ပါ မဂ်ဥာဏ်၏ အကျိုး)
၂၂။ ပစ္စဝေက္ခနဥာဏ် (အဖန်ဖန် ဆင်ခြင်တိုင်း မြင်သော ဥာဏ်
)
Read More 0 comments | | edit post

ကိုဖြိုးနှင့် ကိုဖြိုး

မိုးနှင့်မိုး
ရေနှင့်ရေ
မီးနှင့်မီး
နှင်းနှင့်နှင်း

ဘ၀ကို ခရီးတစ်ခုလို ရွက်လွှင့်ရင်းမှာ
မုန်တိုင်းတွေနဲ့ချည်း တိုးခဲ့ရတယ်

လှိုင်းအခုန် လေအလူးမှာ
မူးပြီးလဲကျသွားရတဲ့
ကြက်ခွပ်ကလေးတွေ ရှိတယ်

ရေတစ်ပွက်လို ပွက်တက်လာတဲ့
ငါ့တစ်သက်မှာ
မှတ်မှတ်ရရတွေချည်းပဲ

ကိုဖြိုးနှင့် ကိုဖြိုး
ယှဉ်ပြိုင်ရင်းတိုက်ခိုက်ရင်း
ငါနှင့်ငါ နှိုင်းယှဉ်ရင်း
ဖြစ်ချင်တာတွေက
ဖြစ်သင့်တာတွေကို အကျောပေးလိုက်ချိန်
ငါ့ဘ၀ရဲ့ မီးအိမ်ကလေး
မီးစာမှိန်မှိန်ကလေးနဲ့ပေါ့
လောင်စာတိုးဖို့
မိုးတို့လည်း စွေအောင်ရွာ ...

ကိုဖြိုး
Read More 0 comments | | edit post

သင်သိပ်ပျော်နေပါစေ

ပြီးလွယ်ပျက်လွယ် ဘ၀မှာ
ပြေပြေပျောက်ပျောက် ဖျောက်ပစ်လိုက်ချင်တဲ့
အမှတ်တရ အမာရွတ်တွေလည်း ရှိတယ်

မေ့လွယ်မူးလွယ်တဲ့ နေ့တွေမှာ
မေ့မသွား မူးမသွားတဲ့ ခံစားချက်တွေလည်း ရှိတယ်
မေ့နေပြီထင်နေတာတောင် သတိတွေရရနေတတ်တုံး

ဥကွဲပြီးသိုက်ပျက်သွားတဲ့ နေ့ရက်အဟောင်းတွေမှာ
ဥမကွဲသိုက်မပျက်သွားတဲ့ ရင်ခုန်သံတွေ ရှိနေဆဲ

စကားလုံးပေါင်း ခြောက်သောင်းခွဲကျော်ကို
နေ့စဉ်နဲ့ ရက်ဆက်လို ပြောဖြစ်ခဲ့ဖူးတယ်
အမှတ်ရနေဆဲလားကွယ်

ငါ့စကားမှာ နွားလည်းမရ၊ တရားလည်းမရ
ငါ့တန်ဖိုးတစ်ခုကို ငါနဲ့ အဝေးရောက်ကာမှတော့
ဖြတ်မနေပါနဲ့တော့ ...
နီးနေတုန်းမှာ မြည်းနေလိုက်စမ်းပေါ့
ပေါ့ချင်ပေါ့ ငန်ချင်ငန်
ကန်တန်တန် ဂျစ်တစ်တစ်နဲ့ကောင်က
ဘ၀ကို မှောင်နဲ့မည်းမည်းကြီးလည်း
တိုးချပစ်ခဲ့ တိုက်ချပစ်ခဲ့ပြီ

တသက်လုံး ဝေးကြရမှာမှ မဟုတ်တာ
အကောင်းဆုံးသော အချိန်တွေကို သိုဝှက်ပြီး
ရင်ဘတ်ကြီးတစ်ခုလုံးကို ရွှေချ
ရတနာတစ်ခုလို "ဥ"ထားလိုက်ပေါ့
အနုပညာလူညာတစ်ယောက်ရဲ့ လမ်းမှာ
အလွမ်းတွေက ပန်းတွေလိုပဲ
ကြွေကြွေကျနေဆဲလေ ...

သင် သိပ်ပျော်နေပါစေ ...

ကိုဖြိုး
Read More 0 comments | | edit post

ထိုသူငယ်ချင်း

တစ်ခါတရံမှာ ပြုံးပြီး တစ်ခါတရံမှာ မုန်းတယ်
(ကိုယ့်ကိုယ်ကို)
မီးခိုးတွေလို တလူလူ တအူအူနဲ့
ငူတူတူငေါင်တောင်တောင် ယောင်တောင်တောင်ပေါင်တောင်တောင်နဲ့
ကျွန်တော်က ...
အမောင်တောင်မှန်း မြောက်မှန်းလည်း မသိတော့သူ

တစ်ရေးမှ မနိုးဘဲ မိုးချည်းစင်စင်လင်းသွားတဲ့ "ည" တွေ
လကလည်း တိုရေရှားရေနဲ့ လင်းရှာတယ်
သူငယ်ချင်း မင်းအဆင်ပြေရဲ့လား
မင်းမျက်နှာလေး အိုစာသွားလိုက်တာကွာ
ငါမရှိနေတော့တဲ့ မင်းနေ့ရက်တွေကို
ထမင်းစားရင်း ရေသောက်ရင်းပဲ ဖြတ်သန်းလိုက်ပေါ့
တစ်ခါတရံမှာ မင်း ...
အိမ်သာတက်ရင်း စာဖတ်တတ်တဲ့ ငါ့ကို
သတိရနေဦးမယ်ထင်တယ်

ငါကလည်း ဒီလိုပါပဲ
လူသာမန်တွေထဲက လူသာမန်အဖြစ်ကို
ချစ်နိုင်မြတ်နိုးနိုင်ဖို့
ကိုယ့်ကိုယ်နဲ့ကို အနိုင်နိုင်မတ်မတ်ထူရင်း
ငတ်ပြတ်သွားတဲ့ မေတ္တာတရားကိုလွမ်းတယ်
လူတစ်ယောက်ရဲ့ တန်ဖိုးကို တမ်းတတယ်
ဘ၀တစ်ခုရဲ့ အလိုမကျနိုင်မှုကို ကျိန်ဆဲနေမိတယ်

အလွဲတွေကို တလွဲလွှဲပစ်ရင်း
ငါ ...
မင်းရှေ့ကို ပြန်ရောက်လာချင်သေးတယ်
ငါ့ဘ၀ကို ငါကျေနပ်နိုင်ဖို့
မင်းမျက်နှာ ရွှင်ရွှင်ပြကို
မြင်ရဖို့လည်း လိုတယ်

ငါလဲကျသွားတိုင်းမှာ
မနိုင့်တနိုင်နဲ့ ထူမတ်ပေးတတ်တဲ့မင်း
အရာရာအဆင်ပြေနိုင်ဖို့အတွက်
ငါ့မျက်ရည်တွေကို သိုဝှက်ထားလိုက်ရဦးတော့မယ်ကွာ

ကိုဖြိုး
Read More 0 comments | | edit post

သံသရာစမ်းရေ

ဘ၀ကိုချိုချိုအီအီ
ခါးခါးတူးတူး
မူးမူးလဲလဲ ခံစားပြီးနေမှပဲ

ရေပြင်ကိုဖျက် မပြတ်လို့လည်း
ထူးပြီး ခံစားမနေတော့ပါဘူး

မြေပြင်ကိုဆက် မဆက်လို့လည်း
ထူးပြီး ခံစားမနေတော့ပါဘူး

စလည်ဆုံး သုံးပါးကို လိုက်ရှာရင်း
ဟောဒီ စက်ဝိုင်းထဲမှာ ...
ငါ ...
ရွာလည်နေပါရောလားကွယ် ...

ကိုဖြိုး
Read More 0 comments | | edit post

Happy Birthday To Someone ... :P




ဘယ်လိုပြောရမလဲ ???

လွယ်လွယ်ကူကူပဲ ပြောလိုက်မယ်နော် ...

ရင်ထဲကနေ ... " ... ... ... ... ... " လို့ ...

သူတော့ ကြားမှာပေါ့နော် ...
Read More 3 comments | | edit post

ငါတို့အားလုံးရဲ့ သင်္ကြန်

လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော့မယ် ...

အမေ့အိမ်ရဲ့ အဝေးမှာ ...

ကျွန်တော် ...

သူနဲ့ ...

မရှိအတူ ရှိအတူ ...

လူရာမ၀င်တော့တဲ့အတွေးတွေနဲ့ ပိတောက်ကိုခြောက်သွေ့လိုက်

သံချပ်တွေ စည်းဝါးရိုက်နေလဲ ...

ငါမပါနိုင်သေးဘူးကွယ် ...

ကိုဖြိုး
Read More 0 comments | | edit post

Incredible Desktop

ညီညီသံလွင်က ကျွန်တော့်ကို ဒါလေးစမ်းကြည့်ပါဆိုပြီး ပေးလာတယ်ဗျ။
စမ်းရမှာက ဒီလို။
အရင်ဆုံး Start Menu ထဲက Run ကိုခေါ်ရမယ်ဗျ။
ပြီးမှ သူ့ရဲ့ စာရိုက်တဲ့ အကွက်ကလေးထဲမှာ
c:\windows\system32\tsdiscon.exe
ဒါလေး ရိုက်ထည့်လိုက်။ ပြီးရင်တော့ OK နှိပ်လိုက်ပေါ့ဗျာ။

ခင်ဗျားတသက်မှာ မမြင်ဖူးလောက်အောင် ထူးခြားဆန်းပြားမှုတစ်ခုကို တွေ့ထိခံစားရပေမပေါ့ဗျာ။
အဲ ... ခင်ဗျားရဲ့ စက်မှာမှ မမြင်ရဘူးဆိုရင်တော့ အဲဒီ ညီညီ့ကိုသာ သွားခေါင်းစားပေတော့ဗျာ။
ကျွန်တော်လည်း သိတာမဟုတ်ဘူး။ သူစမ်းဆိုလို့ စမ်းကြည့်တာ။
အာလုတ်သံကြီးနဲ့ ပြောရမယ်ဆိုရင်တော့ သောက်ကျိုးနဲ့ လန်းတာကိုးဗျ။

ကိုဖြိုး
Read More 1 Comment | | edit post

ကျွန်တော်နှင့် ကင်နွန်

ဓါတ်ပုံလှလှလေးတွေ ရိုက်ရရင် ကောင်းမှာပဲလို့ စဉ်းစားမိလိုက်တော့ ကျွန်တော့်လက်ထဲကို ကင်မရာတစ်လုံး မိုးပေါ်ကခုန်ချလာသလို ရောက်လို့လာတယ်။


Canon EOS 1000D တဲ့ခင်ဗျ။ သူနဲ့ အတူတူတွဲပြီး ပါလာတာကတော့ Canon Zoom Lens EF-S 18-55 f/3.5-5.6 IS ဆိုတဲ့ Lens ခင်ဗျ။


အဲ ... ခပ်ဝေးဝေးက ပုံတွေကို ရိုက်ယူတဲ့အခါမှာ ဒါလေးနဲ့ အားမရပါဘူးရယ်လို့ ထပ်စဉ်းစားလိုက်ပြန်တော့ နောက်ထပ် Lens တစ်လုံး ရောက်လာပြန်တယ်။ Canon Telephoto Zoom Lens EF 75-300mm f/4-5.6 III USM တဲ့ဗျ။


ဒါနဲ့ အားရသလားဆိုတော့ မရပြန်ဘူးဗျ။ နေပြင်းပြင်းတွေ အလင်းထန်ထန်တွေကြားမှာ ဓါတ်ပုံဆေးသားက စိတ်တိုင်းမကျပြန်လေတော့ ဒီလိုနဲ့ပဲ ထပ်တောင့်တလိုက်တယ်။ လာလေရော့ဟယ်ဆိုပြီးတော့ ...


Steinzeiser 58mm UV Filter က တစ်ချပ် (မှတ်ချက်။ ။နမူနာပုံ ရှာမရပါသဖြင့် Canon 58mm UV Filter ကို အစားထိုးဖော်ပြလိုက်ပါတယ်။)


Steinzeiser 58mm CPL Filter က တစ်ချပ် (မှတ်ချက်။ ။နမူနာပုံ ရှာမရပါသဖြင့် အလျင်းသင့်ရာ 58mm CPL Filter တစ်ချပ်ကို အစားထိုးဖော်ပြလိုက်ပါတယ်။)
ရလေလိုလေလေ အိုတစ္ဆေဆိုတာက ကင်မရာကို ဆိုလိုဟန်တူပါရဲ့လေ။ မြင်ကွင်းကျဉ်းကျဉ်းလေးတွေကို အားမရလာပြန်တော့ မြင်ကွင်းကျယ်ကျယ်မြင်ရစေဖို့ ထပ်တောင့်တလိုက်ပြန်တယ်။


သူကတော့ ကင်နွန်မဟုတ်ရှာတော့ဘူးဗျ။ Vitacon 0.5X Wide တဲ့ဗျ။ သူ့စကားအရတော့ Super Wide Angle တဲ့လေ။ With Detactable Macro Attachment ဆိုတာလေးပါ အဆစ်ပါလိုက်သေးသကိုး။
ဒါနဲ့ ကျေနပ်မယ်များထင်လေသလား။ နိုး နိုး နိုးပါတဲ့ဗျာ။ အလင်းတွေရဲ့ စူးဝါးမှုကို ဘယ်လိုနည်းနဲ့များ ခုခံရပါ့မလဲ စဉ်းစားမိလေတော့ ...


ပန်းပွင့်လိုလို ဘာလိုလိုနဲ့ Lens Hood ကတစ်ခု ရော်ဘာ Lens Hood က တစ်ခု။ ဇါတ်ရှိန်ကတော့ နည်းနည်းမြင့်လာပြီဗျ။ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ရိုက်ရပါမလဲ စဉ်းစားမိလေတော့ သွားသတိရတာလေးက ...


ထရိုင်ပေါ့လေးပေါ့ဗျာ။
ပြီးတော့ ပုံရဲ့ အလင်းရိပ်ကလေးတွေကို သေသေသပ်သပ်ကလေးဖြစ်စေချင်လာတော့ ...


Canon speed lite 430 EX II လေးပေါ့ဗျာ။ အောင်မာ ဒီအကောင်က သူ့ချည်းပဲမပြီးပြန်ဘူးဗျ။ အားသွင်းလို့ရတဲ့ ဓါတ်ခဲရယ် ဓါတ်ခဲအားသွင်းတဲ့ စက်ရယ် ထပ်ဖြည့်ပေးရသေးသကိုး။
ဒါနဲ့ပဲလားဆိုတော့ ဘယ်ဟုတ်ချေမလဲ။ ဓါတ်ခဲအားကြာကြာခံအောင်ဆိုပြီးတော့ ...


Canon BG-E5 ဆိုတာလေးကို ထပ်ဖြည့်ရပြန်ကော။ သူက လစ်သီယန်ဆိုတဲ့ ဓါတ်ခဲကော ရိုးရိုးသာမန် ဓါတ်ခဲပါ ထည့်ရိုက်လို့ရတော့ နည်းနည်းပိုအဆင်ပြေလာတာပေါ့ဗျာ။
ဒါတွေလည်း တပုံတခေါင်းကြီးဖြစ်လာကော အိတ်က မဆံ့တော့ဘူးဗျ။ ဒါနဲ့ပဲ ...


lowepro Flipside 300 ဆိုတဲ့ အိတ်ကလေးတစ်လုံးလည်း ပါလာချေသပေါ့ဗျာ။ အဲလိုနဲ့ပဲ မောင်ကြီး မပြန်နိုင်ဖြစ်နေသကိုး။ ပြန်မယ်ကြံထားလိုက် ကင်နွန်ကို လှူလိုက်တန်းလိုက်နဲ့။ ဒါတွေက ဘာရှိသေးလို့လဲဗျာ။ နောက်ထပ် မျှော်လင့်တောင့်တနေတာတွေကလည်း မနည်းမနောကိုး။ အရသာခံဖူးတယ်ရှိအောင်တော့ တပါတည်း ပြောလိုက်ရချည်သေးရဲ့ ...
နဂိုရှိပြီးသား Canon Zoom Lens EF-S 18-55 f/3.5-5.6 IS အစား ဒါလေးနဲ့ အစားထိုးချင်သဗျ။


Canon EF-S 17-85mm f/4-5.6 IS USM Lens လေးပေါ့ဗျာ။ အဲဒီလိုပဲ နဂို ရှိထားပြီးသား Canon Telephoto Zoom Lens EF 75-300mm f/4-5.6 III USM အစား ဒီ နှစ်ခုနဲ့ အစားထိုးချင်တယ်ဗျ။


Canon Telephoto Zoon EF 70-300mm f/4.5-5.6 DO IS USM ရယ် (ဒီကောင်က အကောင်သေးသေး အဆိပ်ပြင်းပြင်းဆိုတာမျိုးဗျ။ Lens ကလေးက သေးသလောက် အတော်စွမ်းတယ်လို့ ဆိုရမယ်။)


Canon Telephoto Zoon EF-S 18-200mm f/3.5-5.6 IS ဆိုတာလေးရယ်ပေါ့ဗျာ။ (ဒါလေးကတော့ Telephoto Zoom Lens တွေထဲမှာ အတော့်ကို Good တယ်ပေါ့ဗျာ။ နီးနီးဝေးဝေး အေးဆေးဆိုတာမျိုးပေါ့။)
နောက်ထပ်တစ်ခါ အရာဝတ္ထုသေးသေးလေးတွေကို အသေးစိတ်ကလေး ရိုက်ယူဖို့အတွက် ဒါလေးလည်း ပါစေပေါ့။ Canon MP-E 65mm 1-5x Macro Lens


နောက်တစ်ခါ ငါးမျက်စေ့တွေလို အမြင်မျိုးပေးစွမ်းနိုင်ဖို့ .... Canon EF 15mm f/2.8 Fisheye Lens


နောက်တစ်ခါ ဘယ်လောက်ဝေးဝေး နီးနီးလေးဖြစ်စေဖို့ ... Canon EF 800mm f/5.6 L IS USM Lens


ဒါတင်ပဲလားဆိုတော့ ဘယ်ကလိမ့်မလဲနော်။ သူတို့တွေနဲ့ တွဲဖက်စေဖို့က ...


ဒါကတော့ နဂိုဟာထက်ပိုစွမ်းတဲ့ Canon Speedlite 580EX II Flash လေးပေါ့ဗျာ။
အဲဗျာ Digital SLR ကင်မရာလေးတစ်လုံးကနေ စလိုက်တဲ့ အရာတွေဟာ ဘယ်မှာများဆုံးမှာပါလိမ့်နော်။ သေချာတာတစ်ခုကတော့ ဒါတွေအားလုံး စုံလင်သွားတဲ့အခါမှာ


ဒါလေးကိုပါ လိုချင်လာလိမ့်မယ်ဗျ။ သူကတော့ Canon EOS 1Ds Mark III ပေါ့ဗျာ။ ရှယ်ဆိုမှ ရှယ်ပေါ့လေ။
သြော် ... ကင်နွန်ကုမ္ပဏီကြီး ကြီးပွားတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အားပေးကြပါဦးစို့လေ။

ကိုဖြိုး

Lens နဲ့ အခြားပစ္စည်းတွေအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဆက်လေ့လာနိုင်ပါတယ်။ ပုံအတော်များများကို အဲဒီ Site ထဲကနေ ရယူထားပါတယ်။
Read More 1 Comment | | edit post
Newer Posts Older Posts Home

L'etranger

  • About
      မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
  • Labels

    • Story (6)
    • Talk (8)
    • Tech (7)
    • ကဗျာ (51)

    Blog Archive

    • ▼ 2009 (29)
      • ▼ October (1)
        • ချစ်သည် … သို့သော် …
      • ► September (2)
        • ကဗျာ
        • တစ်ယောက်တစ်ခွန်းနဲ့ချောက်တွန်းခံရသူနှစ်ယောက်
      • ► July (2)
        • သေချင်းဇိုးရောဂါ
        • ကွန်တော်နှင့် ကင်မရာမျက်လုံး၏ တစ်ညတာ
      • ► June (3)
        • ကဗျာဆရာလက်တစ်ဆုပ်စာနှင့် ...
        • အမည်မဲ့
        • စိတ်ပြေလက်ပျောက်
      • ► May (8)
        • နှောင်းလူ
        • ရုပ်ရှင်ကြည့်ကြမယ်
        • ကြွက်ထောင်ခြောက်
        • ဥာဏ်စဉ် (၂၂) ပါး
        • ကိုဖြိုးနှင့် ကိုဖြိုး
        • သင်သိပ်ပျော်နေပါစေ
        • ထိုသူငယ်ချင်း
        • သံသရာစမ်းရေ
      • ► April (4)
        • Happy Birthday To Someone ... :P
        • ငါတို့အားလုံးရဲ့ သင်္ကြန်
        • Incredible Desktop
        • ကျွန်တော်နှင့် ကင်နွန်
      • ► March (6)
      • ► February (2)
      • ► January (1)
    • ► 2008 (45)
      • ► December (7)
      • ► November (10)
      • ► October (16)
      • ► September (12)

    Followers

    My Blog List

    • အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
      ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...
      7 years ago
    • My Burmese Blog
      Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!
      8 years ago
    • MANORHARY
      အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....
      9 years ago
    • ခင်မင်းဇော်
      ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...
      9 years ago
    • Tar Yar Minn Wai
      ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...
      14 years ago
    • NyAlAy
      အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...
      15 years ago
    • ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
      “THE CRADLE TO THE GRAVE” - အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။ ...
      15 years ago
    • Just Sharing What I Know
      Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...
      16 years ago
    • Nine Nine SaNay
      -
    • Moon Thet Pan
      -
    • မိုးလှိုင်ည
      -

    My Links

    • သဲအင်းဂူ
    • သန့်တည်ပွား
    • Dhamma Download
    • ပေါ်ပြူလာ
    • ဈေးကွက်ဂျာနယ်
    • သံလွင်အိပ်မက်
    • First Eleven
    • Myanmar Ebooks
    • iPhone's Applications
    • EOS Magazine
    • Digital Dream
    • Canon

    C-Box

  • Search






    • Home
    • Posts RSS
    • Comments RSS
    • Edit

    © Copyright L'etranger. All rights reserved.
    Designed by FTL Wordpress Themes | Bloggerized by FalconHive.com
    brought to you by Smashing Magazine

    Back to Top