• Home
  • Posts RSS
  • Comments RSS
  • My Photography
Blue Orange Green Pink Purple

ကိုဖြိုး၏

စည်းအပြင်ကလူ

၂၇ နှစ်သား

ဘ၀မှာ စုတ်ချက်တွေ ကြမ်းသလောက်
ဆေးသားတွေ နုလှချည်ရဲ့
ရှုပ်ပေပွနေတဲ့ အလုပ်တွေကြားထဲမှာလည်း
နေမပျော်ပေမယ့် အနေတော်လည်း နေခဲ့ဖူးပြီ
ဟောဒီ နှစ်ဆယ့်ခုနှစ်နှစ်တာလုံးလုံးမှာလည်း
ကိုယ့်ကိုယ်ကို ပြန်ပြန်ပြုံးပြပြီးမှ ခရီးဆက်ခဲ့ရတာချည်းပဲ
ခုတော့ တစ်ယောက်တည်း မသွားရဲတဲ့ဘ၀ကို
အဖော်ကောင်းကလည်းပါရဲ့ ...
မနေ့ကနဲ့ တနေ့ကလို ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်စိတ်ပျက်မှုတွေကြားထဲကပဲ
ဆွဲထုတ်ခဲ့သူရေ ...
ကိုယ့်ဘ၀ အသက်တစ်နှစ်ပိုကြီးသွားပေမယ့်
ကိုယ့်ခွန်အားတစ်နှစ်စာ ပိုတိုးလာခဲ့ပေါ့
ဘာတဲ့လဲကွယ် ...
ဟောဟိုရှေ့နားက ကိုယ်တို့ရဲ့ ပန်းတိုင်ကို မြင်နေရမှပဲ
ကိုယ် ခဏခဏ လဲကျမနေတော့ပါဘူး
ဆက်သွားကြတာပေါ့လေ ...
ဖေဖေ၊ မေမေကိုလည်း ပြောလိုက်ပါရဲ့
ဟောဒီ သား ...
လူမိုက် မဟုတ်တော့ဘူး
သူ့ဘေးမှာ လူလိမ်မာလုပ် ...
ဘ၀ကို ပျော်ရွှင်မှုတွေနဲ့ပဲ အရိုးထုတ်သွားတော့မယ်။

ကိုဖြိုး
Read More 0 comments | | edit post

အချစ်လားဟေ့ ၀င်ခဲ့လေကွယ်

သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။

သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။

သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
မင်းရယ် ... အမုန်းရယ်
နှစ်ယောက်ပဲရှိတယ်။

ခု ...
အမုန်းဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့
အချစ်လားဟေ့ ၀င်ခဲ့လေကွယ်

မင်းလူ
Read More 0 comments | | edit post

မစွက်ဖက်နဲ့

ငါ့မြင်းငါစိုင်း စစ်ကိုင်းလဲ ရောက်ချင်မှ ရောက်မယ်
ငါ့လှေငါထိုး ပဲခူးလည်း ရောက်ချင်မှ ရောက်မယ်
သေချာတာကတော့ ငါ့ဆန္ဒနဲ့ ငါတစ်သားတည်းကျခဲ့တယ်
ငါ့မိဘ ငါ့ဆွေမျိုး ဘယ်သူ့မျက်နှာမှ ငါအိုးမည်းမသုတ်ဘူး
ပြောရေးဆိုခွင့်ရပ်ကွက်ထဲ လာလာထိုင်မနေကြနဲ့
ထင်မြင်ချက်တွေ လာလာပေးမနေကြနဲ့
အကြံပြုသလိုလိုနဲ့ အပြစ်တွေလာလာတင်မနေကြနဲ့
ဓားမနောက်ပိတ်တွေလို လာလာမလုပ်ပြကြနဲ့
ဓားထက်ထက်တစ်လက်နဲ့ပဲ
အသားထက်တင်ပြီး လှီးချပစ်လိုက်မယ်
လောက်လိုထွက်ထွက် မပြကြစမ်းနဲ့

ဘေးထိုင်ဘုပြော အဲဒီ စောက်သုံးလုံးဝမကျတဲ့ လူတွေကို
ဒီနေရာကနေ ပြောခဲ့မယ် ...
ရိုင်းတယ်ထင်လည်း ရိုင်းတယ်ပဲ ...
ငါနဲ့ ကိုင်အတုပ်မခံချင်ရင် ကိုယ့်နေရာကိုယ်သိကြပေါ့
အသေအချာ ပြောခဲ့မယ် ...
ငါးပိနဲ့ကြက်သား အလဲမခံရခင် သတိဝင်ကြ ...
ဆူးထင်ရင် ထွင်မှာပဲ
ခလုတ်ထင်ရင် ရှင်းမှာပဲ ...
ငါ့ရင်ထဲမှာ မီးလိုပြင်းတဲ့ ခံစားချက်မျိုး ရှိနေတယ်
အလိုက်မသိသူတွေအတွက် ကျရတဲ့ မျက်ရည်လောက်
ရင်ကွဲနာကျတဲ့ ဇါတ်လမ်းမရှိဘူး

မောင်ချောနွယ်ပြောသလိုပါပဲကွယ်
လူတစ်ယောက်ရဲ့ အခွင့်အရေးကို လာလာပြီး စွက်ဖက်နေလိုက်ကြတာ
ငါ့ရင်တွေ ပွင့်ကြေထွက်မတတ် နာကျင်မိပါရဲ့
ကြာလာရင် သူသေ ကိုယ်သေတွေဖြစ်တော့မယ်
ငါ့စိတ်နှလုံးကောင်းလေး အရောင်မပြောင်းခင်
ပြီးလိုက်ပါတော့ ဇါတ်ဆရာရယ်။

ကိုဖြိုး
Read More 0 comments | | edit post

မမေ့ပါနဲ့

ငါ့ရင်ခုန်သံနဲ့ ထုဆစ် ..
ဘ၀ရဲ့ အဖုအထစ်တွေကို ဖြေလျော့ခဲ့တယ်
ငါကတော့ ခပ်မျော့မျော့ပါပဲ
အားအင်တွေကုန်ဆုံး ဟောဒီတစ်ဘ၀လုံး
ငါ့ခွန်အားကို ငါပြန်သုံးလို့မရတော့ဘူး
ထားလိုက်ပါတော့လေ

နွေမရောက်ခင် ခြောက်သွားတဲ့ သစ်ပင်ကလေးလို
ငါ့သစ်ရွက်တွေကို ခြွေချလိုက်ပြီ
ရိုးတံဖြိုင်းဖြိုင်းထနေတဲ့ ငါ့ဘ၀ကို
ဘယ်သူက လာပြီး ခုတ်လှဲချမှာလဲ
ထင်းဖြစ်စေရုံသက်သက်နဲ့ ငါ့လက်တွေဖြတ်တောက်ခံလိုက်ရ

တွယ်တာစရာ များများစားစားဖြစ်လို့လာမှပဲ
ငါ့နေ့ရက်တွေက သိပ်ကိုကြမ်းနေလိုက်ကြတာ
ဘယ်လမ်းလျှောက်လျှောက်
ငါ့ခြေထောက်တွေမှာ သွေးအလိမ်းလိမ်းစွန်းပေလို့
ရင်ဝက ဒဏ်ရာကနေ တစ်စက်တစ်စက်ကျလာတယ်
ဒီရက်တွေပြီးသွားရင် အားလုံးပြီးသွားကြမှာပေါ့

တင်ကျန်နေရစ်မယ် ရှင်သန်နေရစ်မယ်လို့ပဲ
မျှော်လင့်နေဆဲပါလေ ...
သံယောဇဉ်မလေးရေ ...

ကိုဖြိုး
Read More 0 comments | | edit post

ခရီးအစ

ဘ၀ကို ရင်ဆိုင်မယ်ဆိုတော့မှ

ကျွန်တော့်ဒူးတွေက ညွှတ်ညွှတ်ကျသွားတယ်
လူတကာရဲ့ စကားသံတွေကြားထဲမှာ
ကျွန်တော့်မှာ ပုန်းစရာနေရာရှာမတွေ့ခဲ့ပါဘူး
တော်သေးတာပေါ့ကွယ် ...
သူမ ရှိနေပေလို့ ...
ကျွန်တော့် မျက်ရည်တွေကို မမြင်ရက်တာမို့
သူမက ကျွန်တော့်ဘက်ကနေ မတ်တပ်ထရပ်တယ်

ဖေဖေရေ ... မေမေရေ ...
သားတစ်ယောက်ကနေ သမီးတစ်ယောက်ကို ဆောင်ကြဉ်းလာခဲ့ပေါ့
ကျွန်တော်တို့လက်တွေက ခိုင်မြဲနေလိုက်ကြတာ
ဖေဖေ မေမေတို့လိုပါပဲ
လောကဓံရှစ်ပါးထဲမှာ ကျွန်တော်တို့ လှည့်ပတ်သွားလာကြတော့မယ်
ပတ်ဝန်းကျင်ရဲ့ စကားသံတွေကို တွန်းလိုက်တိုက်လိုက်နဲ့
သိပ်တော့လည်း ဂရုမစိုက်ပါဘူးကွယ်
ကိုယ့်မရှိရင် ဘယ်သူက လာပူပန်မှာကြနေတာပဲ
ကျွန်တော်နဲ့ သူမနဲ့ပဲ
ဒူးတွေတိုက် ခေါင်းတွေဆိုင်ပြီး
အနာဂတ်ကို တိုင်ပင်ခေါ်ကြမယ်လေ ...

ခရီးက ဝေးလွန်းလှတယ်
လက်ခုပ်တီးသံတွေ မကြားရင်လည်း
ကျွန်တော်တို့ သွားကြတော့မယ်
တွဲလက်တွေကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားရင်း ...
အနာဂတ်တစ်နေ့မှာ ရှိနေတဲ့
ရပိုင်ခွင့် အိပ်မက်တွေအတွက်
ကျွန်တော်တို့ ရထားလေးကို တူတူမြည်အောင် ခရီးစခဲ့ပေါ့ ...

ကိုဖြိုး

Read More 0 comments | | edit post

အကောင်း အပြောမခံရခြင်းများနှင့်အတူ

ဟောဟိုတစ်လောကပဲ ကြားလိုက်မိပါရဲ့
ဘယ်နေရာကို ဘယ်လိုလှူလိုက်ပေါ့ ...
ဂုဏ်ရှိန်သတင်းကလည်း သိပ်ကိုပြင်းတယ်
ငါ့အစာအိမ်တစ်ခုလုံး လေဟာနယ်ဖုံးနေတုန်းကနဲ့ တူပါရဲ့လေ
ရီပြပြုံးပြတဲ့ မိတ်ဆွေဆိုတာ ဒါမျိုးပေါ့
ချစ်သူရေ ကိုယ့်အတွက်တော့ ဒီလိုလူတွေက မနည်းမနောပါပဲ

အဲဒီကောင်ပေါ့ ... အစချီချီပြီး
မဲ့ကာရွဲ့ကာ ပြုံးကာ ရယ်ကာ လောက၀တ်တွေ ထုတ်ထုတ်ပြသွားတယ်
သိပ်ချစ်ဖို့ကောင်းတာပဲကွယ်လို့ ကိုယ်ကပြောတော့
ချစ်သူက ကိုယ့်ကို မျက်စောင်းထိုးလိမ့်ဦးမယ်
တကယ်ပါကွယ် ... လူတွေရဲ့ မသိလိုက်ဆိုးရွားမှုလောက်
ချစ်ခင်ဖို့ကောင်းတာ ဘယ်မှာရှာမတုန်း

ဘာလုပ်နေရမှာလဲ တွေးနေမိတိုင်းမှာ
ကျကျပျောက်သွားတတ်တဲ့ အနာဂတ်ကို
မှန်ဘီလူးလည်း မပါဘဲ ကိုယ်လိုက်လိုက်ရှာနေမိတယ်
အလကားရတဲ့ ပါးစပ်ကြီးတွေကနေ နားတွေငြီးလုငြီးခင်အထိကို
မရပ်မနား ဝေဖန်လို့နေကြပေါ့ကွယ်
ဒါတွေကို နည်းနည်းမက ကိုယ်တို့ နားကန်းလိုက်ကြရအောင်

အတူနေအတူသွား အတူစားအတူအိပ်
သူ့ရဲ့ စိတ်အတွင်းသံကို မင်းဘယ်လိုနားမျိုးနဲ့ ခံခဲ့သလဲ
ကိုယ်တွေးလို့ မရလောက်အောင်ပါပဲလေ
ကိုယ်သာဆိုရင်
ခဏခဏ ရယ်ရယ်ပြတတ်တဲ့ သူ့ပါးစပ်ကြီးနှစ်ခြမ်းကို
ဗြန်းဆိုပြီးတော့သာ ဆွဲဆွဲဖြဲနေမိမှာ သေချာတယ်
အထက်တန်းလွှာလူ့ဘ၀မှာ နေကြသူတွေမို့
အသားအရေကတော့ နုရွလို့လှပနေကြပေါ့
ချစ်သောသူရေ ...
ကိုယ့်လက်ဖ၀ါးတွေကတော့ အတော့်ကို ကြမ်းရော်လာကြပြီလေ
မင်းတွဲနိုင်ပါဦးမလား

ကိုယ်က လူတွေကို မုန်းမိတော့
မင်းကို ပိုချစ်မိခဲ့တယ်
မင်းက ကိုယ့်ကိုပြောတယ်လေ
လူတွေကို မုန်းစရာမလိုပါဘူးတဲ့
ကိုယ်ကလည်း ကိုယ့်ကိုယ်ကို ပြန်ပြန်မေးမိပါရဲ့
အဲလို မုန်းစရာကောင်းတဲ့ လူတွေကိုမှ
ဘာဖြစ်လို့ စာနာနားလည်နေမိရပါလိမ့်
ခုတလော ကိုယ့်ရင်ဘတ်က ဆွဲကြိုးတွေ ပြတ်ပြတ်ကျသွားတယ်

ကိုယ်တို့ချစ်ခဲ့ကြတယ်ဆိုတာ ရိုးရိုးကလေးမှ
တကယ့်ကို ရိုးရိုးကလေးပါလေ
ထွေလီကာလီတွေ မပါပါဘဲ တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတယ်
ဒီအတွက် ဘာလို့များ မှတ်ချက်တွေ သိပ်သိပ်များနေရပါလိမ့်
ကိုယ့်မနက်စာတွေကို ကိုယ်မစားဖြစ်တာ နှစ်တွေကြာလှပေါ့
ကိုယ့်ညတွေကိုလည်း ကိုယ်မအိပ်ဖြစ်တာ နှစ်တွေကြာလှပေါ့

အိုကွာ ရှုပ်ပါတယ် ...
ကိုယ်တို့ အားလုံးကို အော်ထုတ်ပစ်လိုက်ကြရအောင် ... ။
သွားကြစမ်း ဝေးဝေးကို သွားကြစမ်းဆိုပြီးတော့ ... ။

ကိုဖြိုး
Read More 0 comments | | edit post

ထွေရာလေးပါး

ထွေရာလေးပါးဆိုသည့်စကားကို ကြားဖူးကြမည်ထင်ပါတယ်။ ကြားဖူးတာမှ ခဏခဏဆိုသလိုကို ကြားဖူးကြပါလိမ့်မယ်။ အခု ပြောပြချင်တာကတော့ တခြားသူတွေရဲ့ ထွေရာလေးပါး မဟုတ်ပါဘူး။ ကျွန်တော် ကိုဖြိုးရဲ့ ထွေရာလေးပါးပါ။

ကျွန်တော့်စိတ်တွေကို ရှုပ်ယှက်ခတ်စေရင် ထွေတယ်လို့ ကျွန်တော်ယူဆပါတယ်။

ပထမဆုံး ကျွန်တော့်ကို ထွေစေတာတစ်ခုကတော့ ချစ်သူပါပဲ။ အဲ ... အဲလိုပြောလိုက်လို့တော့ တစ်မျိုးတစ်မည်တွေ မတွေးကြနဲ့ဦးနော်။ နည်းနည်းလေး ရှင်းပြပါရစေ။ ချစ်သူ့ရဲ့ မျက်နှာမှာ အညိုရောင်မိုးတိမ်တွေ အုံ့ဆိုင်းလာပြီဆို ကျွန်တော့်စိတ်တွေ ထွေလာကော။ ချစ်သူ့စိတ်ထဲမှာ ရှုပ်နေတယ်ဆိုရင် ကျွန်တော်လည်း စိတ်တွေ ရှုပ်လာကော။

နောက်ထပ်ထွေစေတာတစ်ခုက ကျွန်တော့်ကျန်းမာရေးပေါ့။ လန်းဆန်းကျန်းမာနေရင် မသိသာပေမယ့် တစ်စုံတစ်ခုကြောင့် မလန်းမဆန်းဖြစ်နေပြီဆိုရင် စိတ်တွေက ထွေလာပြန်ရောလေ။ အဲလိုအချိန်မှာ တစ်စုံတစ်ယောက်ရဲ့ အားပေးမှုကို သိပ်ကိုလိုအပ်တာပါပဲ။

နောက်ထပ်ထွေစေတာတစ်ခုကတော့ အနုပညာပါပဲ။ အနုပညာဟာ ကျွန်တော့်စိတ်တွေကို ထွေပြားစေနိုင်စွမ်းသလို လန်းဆန်းစေနိုင်စွမ်းပါတယ်။ အရာအားလုံးမှာ အနုပညာရှိတယ်ဆိုရင်တော့ ကျွန်တော်ဟာ အနုပညာမရှိတာတစ်ခုခုကို တွေ့ရလေမလားလို့ လိုက်ရှာဖွေနေမိသူ ဖြစ်ပါလိမ့်မယ်။

နောက်ဆုံးထွေစေတဲ့ အကြောင်းတစ်ခုကတော့ ပတ်ဝန်းကျင်ပါပဲ။ သောက်ဂရုမစိုက်ဘူးကွာလို့ ဘယ်လိုပင်တွေးနေစေကာမူ ... လူတွေထဲက လူမို့ နည်းနည်းတော့ ပြန်ပြန်ကြည့်ရပါတယ်။ အဲဒါဟာ လွန်စွာ အလုပ်ရှုပ်တဲ့ ကိစ္စတစ်ခုပါပဲ။ မေ့မေ့ပျောက်ပျောက်လည်း ဖျောက်ထားလို့ မရနိုင်လေတော့ ခပ်ကြမ်းကြမ်းတုန့်ပြန်နေမိတော့တာပါပဲ။

ကျွန်တော်ကတော့ ထွေရာထွေကြောင်း လေးပါးကို ဖော်ပြလိုက်ပါပြီ။

ကဲ မိတ်ဆွေတို့ကော ထွေရာလေးပါး ကရဲ့လားဗျာ။

ကိုဖြိုး
Read More 0 comments | | edit post

လွန်လေပြီးသော အခါ

လွန်လေပြီးသော အခါဆိုတာ အင်္ဂ၀ိဇ္ဇာမှာ လာသလို ကျန်ခဲ့တဲ့ အခါလည်း မဟုတ်ရပါဘူး။ ရိုးရိုးတန်းတန်း အဓိပ္ပာယ်ဖွင့်ရုံနဲ့တင် ပြည့်စုံပါတယ်။ အတိတ်ကာလပေါ့။ ပြန်မရနိုင်တော့တဲ့ ကာလတစ်ခုပေါ့။ လူအတော်များများဟာ အဲလိုကာလတွေအတွက် ကုက္ကုစ္စဖြစ်ရတတ်တယ်။ နောင်တတဖန်ရတတ်တယ်ပေါ့။ အဲဒီတုန်းကသာ ဒီလိုဆိုရင်ဆိုပြီး … မပြီးနိုင်မဆုံးနိုင်တဲ့ နောင်တတရားတွေကလည်း ဘ၀မှာ တစ်ပုံတစ်ပင်ကြီးပါပဲ။ အခု ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်ကလေး တစ်ပုဒ်ထဲမှာ အဲလိုအရာတွေကို တွေ့နိုင်မှာပါ။

ပုံပြင်အစ


ဘ၀မှာ တွယ်တာစရာများများစားစား မရှိတဲ့ လူငယ်လေးတစ်ဦးရှိတယ်။ သူဟာ အမှတ်တမဲ့ပါပဲ။ ချစ်သူတစ်ယောက်ကို တွေ့ရှိခဲ့တယ်။ အဲလိုပဲ တခြားတခြားသော ချစ်သူများစွာကိုလည်း သူရခဲ့ဖူးခဲ့တယ်။ သူ့ရဲ့အတွေးစိတ်ကူးတွေနဲ့ ထပ်တူကျတဲ့ ချစ်သူတစ်ယောက်ကို သူရလိမ့်နိုးနိုးနဲ့လည်း တိတ်တခိုးမျှော်ရှာတယ်။ နှစ်ကာလများစွာ … အချိန်နေ့ရက်များစွာ …

လိုချင်တာရလိမ့်နိုးနဲ့ မျှော်နေရတာ မဟုတ်တော့လည်း သူ့ရဲ့ နေ့နေ့ညညတွေဟာ ကြမ်းသည်ထက်ကြမ်းလာတယ်။ သူဟာ နေချင်သလိုနေတယ်။ စားချင်သလိုစားတယ်။ သွားချင်ရာသွားနေတယ်။ ခင်ဗျားတို့ထင်ထားတဲ့ အတိုင်းပါပဲ။ သူဟာ တေလေလေးတစ်ယောက်ပေါ့။ ပညာတတ်အသိုင်းအ၀ိုင်းတွေက နှာခေါင်းရှုံ့ကြတဲ့ လူတစ်ယောက်လည်းဖြစ်တယ်။ ရိုင်းစိုင်းခက်ထန်နေတဲ့ သူ့နှလုံးသားမှာ တိုးတိတ်ခိုးစိတ်နဲ့ တွယ်တာနေရှာသူကလည်း ရှိနေခဲ့ပေါ့။ ဒီလိုနဲ့ ဖြစ်ချင်ရာ မဖြစ်ရတဲ့ဘ၀မှာ ဖြစ်ချင်သလိုဖြစ်နေခဲ့တယ်လေ။

ချစ်သူကို မျှော်လင့်စောင့်စားရင်း အချိန်တွေကုန်ဆုံး ဘ၀ကို ဖြုန်းတီးပစ်လိုက်တယ်။ ချစ်သူ့အသံတစ်ချက်မှာ ဘ၀ကို နာကျင်မှုဒဏ်ရာတွေ အပြီးသတ်ပြီဆိုပြီးလည်း မျှော်လင့်နေမိခဲ့တယ်။ ဒါပေမယ့်လည်း ကံကြမ္မာက သူ့ကို ထင်သလိုဖြစ်ခွင့် မပေးခဲ့ပြန်ဘူး။ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီလို့ တွေးထင်နေချိန်မှာပဲ မျှော်လင့်ခြင်းလမ်းစကလေးက မှုန်မှုန်ပျပျကလေး သမ်းလို့လာတယ်။ ချစ်သူကို လွမ်းဆွတ်ရတာဟာ ပျောက်ခါနီး အနာတစ်ခုလိုပါပဲ။ စိတ်ထဲမှာ ယားယံလို့နေတယ်။ သူဆွဲကိုင်ခွင့် မရှိရှာတဲ့ ချစ်သူရဲ့ လက်အစုံကို တမ်းတရင်း သူ့ဘ၀ကို အဆုံးသတ်လုလုပေါ့။

တစ်နေ့မှာ သူ့နှလုံးသားက ညွှန်ပြ ချစ်သူဆီသွားရာ လမ်းစကို တွေ့ခဲ့တယ်။ သူ့နှလုံးသားကို နားလည်ရှာတဲ့ ချစ်သူက သူ့လို တေလေတစ်ယောက်ကို ချစ်တုန့်ပြန်ခဲ့တယ်။ သူပျော်လိုက်တာကွယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ သမိုင်းကြောင်းမကောင်းတဲ့ ဖတ်စာအုပ်ကို ချစ်သူ့အတွက် လက်ဆောင်အဖြစ် ထုပ်မပေးရဲရှာဘူးလေ။ ဒီလိုနဲ့ ချစ်သူကို စကားကြမ်းတွေဆို ရင်ခွင်ကို ခွင်းတဲ့ ဓားအစင်းစင်းနဲ့လည်း ဘ၀ကို ဖြတ်တယ်။

ချစ်သူကို ချစ်လိုက်တာလေ။ မခေါ်မပြောဘဲ နေနေပေမယ့်လည်း ချစ်သူနဲ့ ပတ်သတ်လာရင် အသေးအဖွဲကိစ္စကလေးတွေကအစ သတိတရနဲ့ပေါ့။ သူ့ဆန္ဒတွေကြောင့် အပြည့်အ၀ မပျော်နိုင်ရှာတဲ့ ချစ်သူကို ကြည့်ရင်း သူတစ်ခါတစ်ခါလည်း တီးတိုးရှိုက်မိပါရဲ့။ ကလေးငယ်တစ်ယောက်လို ချစ်သူကို ထင်မှတ်နေရှာတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာဟာ တစ်ဖက်လူအဖို့တော့ ၀န်ထုပ်ဝန်ပိုးပဲ ဖြစ်ရှာလိမ့်မယ်။ သူ အတ္တသိပ်ကြီးလွန်းပေါ့ကွယ်။

ချစ်သူ့အပါးမှာ ကလေးငယ်တစ်ယောက်လို မြူးတူးပျော်ပါးနေရှာတဲ့ သူ့ဆီကို ကံကြမ္မာဒဏ်ဆိုးက တည့်တည့်ကြီး တိုးချလာတယ်။ လာ … မင်းလိုက်ခဲ့တော့ဆိုပြီး။ ချစ်သူရဲ့ အဝေးမှာ သူ့ဘ၀ဟာ နဂိုအတိုင်းပါပဲ။ ခက်ထန်မြဲ ခက်ထန်လို့ ကြမ်းရော်မြဲကြမ်းရော်လို့ … ။ ရင်ဝက ပွက်ပွက်ဝေပြီး အန်ချလိုက်တဲ့ သွေးစက်တွေမှာ ချစ်သူ့ကို ချစ်မြတ်နိုးလွန်းရှာတဲ့ သူ့ကဗျာတွေပါတယ်။

ချစ်သူကတော့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ ထိုးနှက်ချက်တွေမှာ အလူးလူးအလှိမ့်လှိမ့်နဲ့ပေါ့။ သူကိုယ်တိုင်လည်း အသည်းအသန် ကာကွယ်ပေးရှာပေမယ့် အရာမထင်လာခဲ့ဘူးလေ။ မှုန်နေရှာတဲ့ ချစ်သူ့မျက်နှာဟာ သူ့အတွက်တော့ အိပ်မက်ဆိုး တစ်ခုပါပဲ။ ချစ်သူကို ချစ်ရှာလွန်းလို့ ပျော်ရွှင်ခြင်း လက်ဆောင်တွေ ထည့်ပြီးသယ်ဆောင်လာတဲ့ သူ့ မျှော်လင့်ခြင်းတွေကို တစ်ခုပြီးတစ်ခု ရိုက်ချိုးပစ်လိုက်ရတယ်။ ချစ်သူ့အပြုံးကို သူ ဘာတွေနဲ့ လဲယူရမှာလဲ။ ပြောပြကြပါ။ ပြောပြကြပါ။ ပြောပြကြပါ။ သူရှိနေရုံနဲ့ မပြုံးရွှင်နိုင်တဲ့ ချစ်သူကို သူပြုံးနေစေချင်တယ်။ အမြဲတမ်း ပြုံးနေစေချင်တယ်။

သူ့ရဲ့ အချိန်တွေ နည်းလာလေလေ ချစ်သူကို ပိုပြီး ပြင်းပြင်းရှရှ တမ်းတမိလေလေပါပဲ။ သူ့ဘ၀မှာ အရာရာကို ရင်ဆိုင်ဖို့အတွက် အချိန်ကာလတွေ သိပ်ကိုနောက်ကျလွန်းနေပေါ့။ သူ အံကိုတင်းနေအောင် ခဲလိုက်မိလိုက်တယ်။ ဟိုးအဝေးမိုးစွန်တိမ်တိုက်ကြားမှာ သူသွားစရာနေရာတစ်ခုရှိနေသေးတယ်။
မိဘရင်ခွင်ကို ခြေစုန်ကန်တဲ့သား … ဒီစကားတွေကိုလည်း အထပ်ထပ်ကြားတယ်။

ချစ်သူ့မျက်ရည်စက်တွေကြားမှာ သူ့မျှော်လင့်ချက်ကလေးကိုလည်း ကောက်ရိုးတမျှင်လို တင်းတင်းဆုပ်လို့ပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ သူမတော်တဆဖျားတယ်။ ချစ်သူ့အနားကို တိုးပြီး သူနားနားနေနေ နေချင်ရှာပေမယ့်လည်း ချစ်သူကို နားလည်မှုတွေနဲ့အတူ သူ့မျှော်လင့်ချက်တွေကို လက်နဲ့မရေးရခင် ခြေနဲ့ဖျက်ပစ်တယ်။

ဒီလိုနဲ့ …

ဒီလိုနဲ့ …

ဒီလိုနဲ့ …

ပုံပြင်အဆုံး

ပုံပြင်အဆုံးမှာ အခြေအနေ ( ၃ ) ရပ်ဖြစ်ခဲ့တယ်ဆိုပါစို့။ သင့်ဆန္ဒနဲ့ ကိုက်ညီသော အဖြေတစ်ခုဟာ သင့်အတွက် ဇါတ်သိမ်းခန်းပါပဲ။

( ၁ ) သူ မတော်တဆ သေဆုံးသွားခဲ့ပါတယ်။

( ၂ ) သူ့ကို နားလည်တဲ့ ချစ်သူက အပြင်းအထန်ကြိုးစားပြီး သူတို့ပျော်ရွှင်စွာ လက်တွဲသွားကြပါတယ်။

( ၃ ) သူ့အချစ်ကြီးမှုတွေရဲ့ ဖိအားကို သည်းမခံနိုင်တော့တဲ့ ချစ်သူက သူ့ထံကနေ ထွက်ခွာသွားပါတယ်။

လွန်လေပြီးသောအခါမှာ ဒီပုံပြင်ဟာ တကယ်ဖြစ်ပျက်ခဲ့ပါတယ်။ သို့မဟုတ် စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကိုဖြိုး
Read More 2 comments | | edit post

အဖိတ်အစင်များတဲ့နေ့တွေ

အခုတလော
အဖိတ်အစင်တွေ များများနေတယ်

ပထမဆုံး ကျပျောက်သွားတာက
ငါ့ရဲ့ သန်းထောင်ချီတန်တဲ့ ရွှေအိုရောင် အိပ်မက်
ငါ့ထံကနေ
စကားတစ်ခွန်း မဆိုဘဲ ထွက်သွားတယ်

နောက်တစ်ခါ
အာရုဏ်မနက်ခင်းတွေကလည်း
နေမင်းတောင် လင်းမလာဘဲနဲ့
ငါ့ထံကနေ ပျောက်ဆုံးသွားကြပြန်တယ်
အိပ်မရ ညတွေချည်းပဲ အထပ်ထပ်ကြဲပက်နေကြပေါ့

နောက်ထပ်တစ်ခါ
ရေးလက်စ ကဗျာစာရွက်တစ်ရွက်
လေအဝှေ့တစ်ချက်မှာ
ငါ့အနာဂတ်တွေကိုပါ ခိုးယူသွားကြတယ်
ငါ့မှာ လက်တွေ အံသေပြီး ကျန်ရစ်ခဲ့ပေါ့

နောက် ...
ငါ့အနားက သူတွေအားလုံး
ငါ့ကို စွန့်ခွာ
သက်မဲ့ခန္ဒာ မဟုတ်ပါဘဲ ငါ့မှာ အသက်မဲ့သလိုဖြစ်ရတယ်
ချစ်သောသူရေ ...
အမြန်လာပါ

အဖိတ်အစင်တွေ ...
အဖိတ်အစင်တွေ ...
အဖိတ်အစင်တွေ ...
အဖိတ်အစင်တွေ ...
အဖိတ်အစင်တွေ ...

သူသူငါငါ ဖိတ်နေစင်နေလိုက်ကြတာ
တစ်လောကလုံးကို ပွထနေတော့တာပါပဲ
သန့်ရှင်းရေးကောင်းကောင်းလုပ်နိုင်ဖို့
မိုးကလည်း ကောင်းကောင်းမရွာဘူးလေ
ငါ့မှာလည်း ပေရေညစ်ပတ်လို့ ...

ဟောဟိုမှာ အနုပညာတွေကို အန်ထုတ်
ရုတ်ရုတ်သဲသဲ နိုင်လိုက်ကြပုံများ
ဘ၀ကို ဖဲတစ်ချပ်လို ဆွဲလှန်စားပစ်လိုက်တယ်
ဒီပွဲမှာ နိုင်ပေမယ့် ရှုံးသွားတယ်လေ ... ။

ကိုဖြိုး
Read More 0 comments | | edit post

ဟောဒီ ကမ္ဘာကြီးမှာ

ဟောဒီကမ္ဘာကြီးမှာ
ကိုယ့်အတ္တသာ ကိုယ်သိပြီး ကိုယ့်ကိုယ်ကို အထိမခံတဲ့သူတွေရှိတယ်
ကိုယ့်ပုလ္လင်လှုပ်ရင် ဓားထုတ်ဖို့ ၀န်မလေးတဲ့ ဘုရင်လည်းရှိတယ်
ကိုယ့်စားခွက်ပျောက်ရင် လျှောက်ဆဲဖို့ဝန်မလေးတဲ့ သူတောင်းစားလည်းရှိတယ်
ကိုယ်ရဖို့တစ်ခုအတွက် သူတစ်ပါးပေးဆပ်လိုက်ရတာတွေကို မသိသူတွေလည်း ရှိတယ်

ကိုယ်နာကျင်ကြေကွဲနေပါစေ တပါးသူအတွက် ဖြည့်ဆည်းလိုသူတွေလည်း ရှိတယ်
ကိုယ်ကျိုးစွန့် ကိစ္စတွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေးဆပ်လိုက်သူတွေလည်းရှိတယ်
အများအတွက် သားလက်ကို လွှတ်လိုက်ရတဲ့ အမေတွေလည်း ရှိတယ်
ဘ၀တစ်ခုအတွက် အမေ့အိမ်ကို ခွာလာတဲ့ သားရှိတယ်

ငါဟာ ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကြား ဟိုဘက်ဒီဘက် ခဏခဏသွားနေတဲ့
ဟောဒီ ကမ္ဘာကြီးထဲက လူသားဖြစ်တယ်

ပြီးတော့
ဟောဟိုမိုးတိမ်တောင်စွန်းက ငွေရောင် လ၀န်းနဲ့လည်း
ချစ်သူကို လွမ်းဖူးတယ်
နီယွန်မီးရောင် ၀ါဝါတွေအကြားမှာ
တစ်ကိုယ်တည်း အိမ်ကို ပြန်သွားရင်းနဲ့
အိပ်ပျော်နေရှာတဲ့သူ့ကို လွမ်းဖူးတယ်

တစ်ညလုံးလုံး အန်ချပစ်လိုက်မိတဲ့ အရာတွေမှာ
ငါ့ဘ၀တစ်ခုလုံးများ ပါသွားပြီလား
ရင်ခွင်တစ်ခုလုံးမှာ မီးခိုးတွေချည်း လှိမ့်အူနေတော့တယ်
ဟောဒီကမ္ဘာကြီးထဲမှာ ...
ဘာမှဖြစ်မလာသေးတဲ့ မြေဆီလွှာကို ပြပါဆိုရင်
ငါ့ကိုသာ လက်ညှိုးထိုးချလိုက်ပါတော့
ချစ်သူ့ပန်းပွင့်ကလေးကို မျှော် ... လို့ ... လေ ...

ကိုဖြိုး
Read More 0 comments | | edit post

ကြိုးပြတ်သွားခြင်း

ဘ၀ဆိုတဲ့ ကြိုးကလေးကို ဖြတ်ချလိုက်တော့
ငါ့ကိုယ်ငါ မနည်းကို မတ်တပ်ပြန်ရပ်ရတယ်
တယ်လည်း ရယ်စရာကောင်းတာပါပဲကွယ်
လူတွေက သူနဲ့သူမှ လူထင်ကြသကိုး ...
ငါက ဂြိုဟ်သားတစ်ယောက်လို ...
ဟောဒီလောကကို လူသားအတုလို
မလိုအပ်ပါဘဲ အပိုသက်သက်ဖြစ်လို့နေခဲ့
တစ်စုံတစ်ယောက်တွေကလည်း စိတ်တွေပျက်လို့ပေါ့

အတက်နဲ့ အကျမှာ ကြိုးပြတ်သွားတဲ့ စွန်လို
ငါ့ဘ၀ကို မျှော ... လွှင့် ...
လေလာရာ အလွမ်းသင့်ရင် ဖမ်းယူထားလိုက်ပါတော့လေ ...

ကိုဖြိုး
Read More 0 comments | | edit post

အောက်တိုဘာရေ ...

အောက်တိုဘာရေ ...
မိုးသက်လေနှင်ရာလွင့်လို့
မင့်ခြေရာတွေက မုတ်သုံလို ဆုတ်ကုန်ပြီပေါ့လေ

ချစ်သူ့မျက်ရည်တစ်စက်ကို ...
ငါ့အသက်နဲ့ပဲဖြစ်ဖြစ် လဲပေးစမ်းပါ ...

အမေ့ရင်ကို ခွာတဲ့သား ...
ဟောဒီလောကလူသားတွေကြားမှာ
ထားစရာမျက်နှာကလည်း
ပြောင်လွန်းတင်းလွန်းလှပေါ့ကွာ

ငါ့အံတွေလည်း ပြတ်လုပြတ်ခင် ကျိတ်ကာထားရလွန်းတော့
မေးတွေလဲ ခိုင်လုလုဖြစ်နေကြပေါ့
ငါကတော့ လက်မလျှော့တော့ပါဘူး ...
အဆုံးတိုင်တိုက်မယ့်ပွဲမှာ ...
အားပေးတဲ့ ပရိတ်သတ်မပါလည်းရတယ်
ဝေဖန်သံတွေ ဆူညံနေလည်းရတယ်

ဘယ်အကောင်ကိုမှ သောက်ဂရုမစိုက်ဘူး
ဘယ်လိုအရာကိုမှ လက်မမြောက်လိုက်ဘူး
ငါ့ဒူးတွေ စိုက်စိုက်ကျလို့သွားလဲ
တွားတွားပြီး ဆက်ချီတက်မယ်
အများသူငါ့ အမုန်းတွေကို ဈေးကြီးပေးဝယ်ခဲ့ပြီးကာမှပဲ
ဘာအတွက်နဲ့များ လက်ဖျော့ချလိုက်ရမှာလဲ

မေမေရေ ...
တစ်နေ့နေ့မှာ သားပြန်လာခဲ့ပါ့မယ် ...
ဟောဒီလောကကို ရင်ခုန်ကြည့်ချင်လွန်းလို့ပါလေ
လူတွေသူတွေ လူကိုသူကို လူလိုသူလိုဆက်ဆံတတ်တဲ့တစ်နေ့
အမေ့သား လူလူသူသူဖြစ်နေတာကို မေမေတွေ့စေရမယ်
ဟောဒီလောကမှာလေ ...
သားရဲ့ ရင်ခုန်သံကလေးက
လေထဲက ဆပ်ပြာဖူးဖောင်းလေးပါ မေမေ
လေတိုးသံလေး တစ်ချက်အကြားမှာတောင်
တဒိုင်းဒိုင်း တဖောက်ဖောက်နဲ့
တောက်လျှောက်ကြီး ပေါက်ကွဲနေလိုက်တာ

လောကဓံတရားကို ခါးစီးပြီးမခံတော့ဘူး မေမေ
သားခါးတွေ ညောင်းလှပေါ့
အမေ့သားက ခပ်ပျင်းပျင်းရယ်ပါ
ဟောဒီ ပုခုံးတွေမှာ အသားမာတွေတက် ...
လက်နှစ်ဖက်လုံး ကြမ်းရော်သွားမယ်ဆိုရင်လည်း
သား ဆက်သွားကြည့်ဦးမယ် မေမေ

အခုတော့
အိမ်ခွာသားကို အိမ်မှာများ မြင်ယောင်နေမှာလားလေ
ထားလိုက်ပါ မေမေ
မေမေ့သား မှားတယ်ဆိုရင်လည်း
မှန်လာဦးမှာမို့လို့ပဲ ထားလိုက်ပါ ...
သား ဆက်သွားပါရစေ ...
အောက်တိုဘာရဲ့ လေတွေက နှင်နေတုန်းမို့ပါလေ ...

ကိုဖြိုး
Read More 0 comments | | edit post

သီချင်းချစ်သူ

ခေါင်းစဉ်ကို ကြည့်ပြီးတော့ သီချင်းတစ်ပုဒ်ကို သွားသတိရကြမယ်ထင်ပါရဲ့။ ခက်တာက ကျွန်တော်ရေးမှာက အဲဒီသီချင်းအကြောင်း မဟုတ်ဘူး။ ဘာရေးရမှန်း မသိဖြစ်နေရင် မရေးနဲ့ဟု ပြောတတ်သူတစ်ယောက်ရှိ၏။ ထိုတစ်ယောက်ကို ရည်ညွှန်းလိုပါသည်။ သူသည်ကား သီချင်းချစ်သူ။ (အင်း ... ခက်ပြန်တာက ကျွန်တော်က သီချင်းမဟုတ် ... ဘာမဟုတ် ... ကဗျာဆရာတစ်ယောက်သာ ဖြစ်သည်လေ .. )

သူသီချင်းချစ်တတ်သဖြင့် ကံကောင်း၍ ကျွန်တော် ကံမဆိုးခဲ့။ အတန်ငယ်နားရှုပ်သွားမည်ဟု ထင်ပါသည်။ ရှင်းပြပါရစေ။ သူသီချင်းချစ်တတ်သဖြင့် သီချင်းရှင်အား ကြင်နာမည့်ဆဲဆဲ (ထိုသို့ဆိုပါက ကျွန်တော် ကံဆိုးမည့်ဆဲဆဲ) ဖြစ်ခဲ့ဖူးသည်။ သို့သော် ... မိုးနတ်မင်း၏ အလိုကား ထိုသို့မဟုတ်ခဲ့သဖြင့် ကျွန်တော်ကံကောင်းခဲ့သည်။ တစ်ခါတရံမဟုတ်ပါဘဲ ဆိုးရွားလွန်းတတ်သည့် ကျွန်တော့်၏ ကံကြမ္မာကား ဒီတစ်ခါ ကောင်းလွန်းပေစွ ... ကောင်းပေစွ ... ။

သူသီချင်းဆိုသည့်အခါ ကျွန်တော် မမြင်ဖူးပါဘဲ နတ်သမီးဆိုသည်များကို ပြေးပြေးမြင်ယောင်တတ်သည်။ သူ့အား နတ်သမီးနှင့် နှိုင်းယှဉ်ရန် ကျွန်တော် အားမထုတ်ပါ။ မည်သည့်အခါမျှလည်း အားမထုတ်ပါ။ ကျွန်တော်မြင်ဖူးသမျှသော နတ်သမီးများသည် ကလက်တက်တက်နှင့် ပြောင်စပ်စပ်နိုင်လွန်းလှသည်။ အချွန်တွေ အတက်တွေ အပြောင်တွေ အလက်တွေနှင့် မျက်စေ့နောက်လွန်းဖွယ်။ ဒါဆိုလျှင် ဘာကိစ္စနတ်သမီးများကို ပြေးမြင်ယောင်ရသနည်းဟု စောကြောဖွယ်ရာပင်။ ဟုတ်ပေ၏။ မေးလည်းမေးသင့်၏။ ကျွန်တော့်မှာ အဆင်သင့်ထုတ်ပိုးထားသည့် အဖြေတစ်ခုမှာ " မသိပါ " ဟူ၍ဖြစ်သည်။ တကယ်လည်း မသိပါ။ ကျွန်တော့်စိတ်ထဲတွင် အများသူငါပြောပြောနေသည့် စကားများ အချိန်အတိုင်းအတာ တစ်ခုမက နေရာယူထားကြသဖြင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သေချာသည်က အများသူငါ ရည်ညွှန်းသည့် လှပသည့် နတ်သမီးဆိုသည်မှာ ကျွန်တော့်အတွက်တော့ သူပင်ဖြစ်ပေလိမ့်မည်။ တနည်းဆိုလျှင် သူသည် ကျွန်တော့်၏ နတ်သမီးဖြစ်သည်။ ကျွန်တော်ကား သူ၏ နတ်သားမဟုတ်သည်ကတော့ အတန်ငယ် ဇါတ်နာလေသည်။ ကျွန်တော်သည်ကား နတ်ဆိုးတစ်ကောင်သာ ဖြစ်လေသည်။ အစွယ်ကားကား မျက်နှာပေါက်ဆိုးဆိုးနှင့် ရှူးသိုးသိုးနိုင်သည့် နတ်ဆိုးဖြစ်သည်။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု မပြောဘူးဆိုလျှင် တစ်ခု ပြောပြခဲ့ချင်ပါသည်။ ကျွန်တော်သည် စိတ်ကောင်းအတန်ငယ်ရှိနေသေးသည့် နတ်ဆိုးဖြစ်သည်လေ။)

ကျွန်တော်သည် ဂစ်တာလည်း မတီးတတ် သီချင်းလည်း မဆိုတတ်ချေ။ သို့ရာတွင် ဂစ်တာတီး၍ သီချင်းဆိုတတ်သူများထက်တော့ အနည်းငယ်ပို၍ တတ်သည်ဟု အထင်ရောက်နေမိသည်။ သိချင်လျှင် သူ့အားသွားမေးကြည့်ကြပါ။ ကိုယ်ဘာစွမ်း၍ ဘာစွမ်းမှန်း နားမလည်သော ကျွန်တော့်ကို ကိုယ်စီးတဲ့မြင်း အထီးလား အမလားဟု လာမေးလျှင် အခြောက်ဟု ပြန်ဖြေပါမည်။ သို့မဟုတ်လည်း ယောက်ျားရှာဟု ပြန်ဖြေပါမည်။ သို့မဟုတ်လည်း နပုန်းဟု ပြန်ဖြေပါမည်။ ကျွန်တော်၏ စိတ်ကူးတစ်ခုမှာ အချိန်တစ်ခုပေး၍ ဂစ်တာတီးသင်ရန်နှင့် သီချင်းဆိုသင်ရန်ဖြစ်ပါသည်။ အချိန်ရပါက ... နာရီပေါ်မှ မျက်ရည်စက်များ သီချင်းကို ဒီဗွီဒီတစ်ချပ်စာ ကိုယ်တိုင်ပြန်တီး ကိုယ်တိုင်ပြန်ဆို၍ သူ့အား လက်ဆောင်ပေးချင်ပါသေးသည်။ သို့ရာတွင် သောက်သုံးမကျခဲ့သော ကျွန်တော့်မှာ အိပ်မက်ကို အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေရဆဲပင်ဖြစ်သည်။

ကိုယ့်ဆီလာခဲ့ပါ ... လျှောက်လည်ရအောင်ဟုလည်း ကျွန်တော် မဖိတ်ခေါ်နိုင်ခဲ့ပါချေ။ ဖုန်းတစ်ခါနှစ်ခါလည်း မဆက်နိုင်ပါချေ။ သူဖုန်းဆက်လျှင်သာ ဖုန်းချချပစ်တတ်သည့် ကျွန်တော့်အား ဘယ်ဘုရားသခင်၏ အမိန့်ဖြင့် သူတွယ်တာနေပါသနည်း။ ထိုဘုရားသခင်အား တိုးတိုးတိတ်တိတ် လာဘ်ထိုးရန်လည်း ကျွန်တော့်မှာ အဆင်သင့်ထုပ်ပိုးပြီးသား ကဗျာများသာ ရှိနေပါသည်။ ရင်ကွဲနာကျလုလု ခံစားရတတ်သည့် နေ့ရက်များ မကြာခင် ကုန်ဆုံးသွားကြပါလိမ့်မည်။

စကားတစ်ခွန်း ကြားဖူးပါသည်။ မလျှောက်ဘဲနေရင် မရောက် ... လျှောက်မှ ရောက်မည်ဟူ၍။ ကျွန်တော်ကား လျှောက်တော့ လျှောက်နေပါသည်။ သို့ရာတွင် လမ်းပြမြေပုံနှင့် သံလိုက်အိမ်မြောင်မပါသဖြင့် ဘယ်ကိုရောက်လို့ ရောက်နေမှန်း မသိပါချေ။ တော်သေးသည်ကား အနီးအပါးတွင် အဖော်ဆို၍ တစ်ယောက်သောသူပါနေသေးသဖြင့် ... ။ လာပါလေ ... ။ သွားကြပါစို့ ... ။

ကျေးငှက်ကလေးများ သီချင်းဆိုသည်ကို ကျလိကျလိဟုသာ ကျွန်တော် နားလည်ပါသည်။ သို့ရာတွင် ထိုကောင်မလေးသီချင်းဆိုလျှင် ကျွန်တော့်နားတွင် နားကြပ်တောင်နှင့် မထိတထိ လာလာကလိနေသလို ယားကျိကျိနှင့် ခံစားရတတ်သည်။ ထိုယားယံခြင်းကား ကြည်နူးနှစ်သိမ့်သော ယားယံခြင်းဟု ကျွန်တော်ကတော့ သတ်မှတ်ထားမိသည်။ သူ့ဘ၀ကလေးကို ပါဝင်ပတ်သတ်ခွင့် ရခဲ့ခြင်းလက်မှတ်အား အချိန်အတော်ကြာ ခေါင်းအုံးအောက်တွင် ထိုးဖွက်ထားခဲ့မိလေသည်။ တော်သေးသည်ကား ပျောက်မသွားခဲ့ချေ။

ဘ၀ကို အနမ်းချိုချိုများနှင့် ဒီလိုတည်ဆောက်ခဲ့ပါသည်ဟု သက်သေပြကြပါစို့လေ။ ငတ်လုဆဲဆဲ နေ့ရက်များကိုလည်း တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ပြီး ထမင်းလုတ်ကြီးကြီးများကို မှန်းပြီး ၀ကြပါစို့ ... ။ ငွေမရှိ၊ ဂုဏ်မရှိ၊ အသိုင်းအ၀ိုင်းမရှိ၊ ... မရှိခြင်းတရားများနှင့်အတူ ရှိခြင်းတရားများအတွက် ပန်းတိုင်သတ်မှတ်ပြီး သွားကြပါစို့။ ရင်ထဲမှာ ဆို့နင့်ပျောက်ကွယ်သွားခဲ့သော စကားသံများနေရာတွင် ကျွန်တော် သီချင်းတစ်ပုဒ်ဆိုနေမိခဲ့သည်။ သူကြိုက်သည်ဆိုသော ထူးအိမ်သင်၏ သီချင်းတစ်ပုဒ်မဟုတ်ခဲ့ပါချေ။ ဂစ်တာလည်း မတီးခဲ့ပါချေ။ သူအလွတ်ရနေသည့် ဖုန်းနံပါတ်တစ်ခုလည်း ကျွန်တော်မဟုတ်ခဲ့ပါချေ။ သူ့ဘ၀၏ အမှတ်တရ ကွက်လပ်တစ်ခုကို ကျွန်တော် ရယူနိုင်ခြင်းငှာ မစွမ်းသာသည့်အဆုံး၊ အရာအားလုံးကို မုန်းတီးစိတ်ဖြင့် ကျွန်တော်နာကျင်ကြေကွဲစွာ သီဆိုနေမိသည်ကား ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ထိုနေ့ရက်များက ကျွန်တော့်ကမ္ဘာလေးထဲတွင် လူမသိသူမသိ မုန်တိုင်းတိုက်ကာ ငလျှင်ပြင်းစွာလှုပ်ခဲ့သည်။ မျက်ရည်တွေ မိုးဖြစ် အက်ဆစ်တိမ်တိုက်တို့နှင့် နှလုံးသားတစ်ဝိုက်ကို တစ်ပြိုက်ပြီးတစ်ပြိုက် အဆက်မပြတ်တိုက်ခတ်ခဲ့သည့် အဆုံးတွင် ကျွန်တော်ကား လဲကျသေဆုံးခဲ့ချေပြီ။

ပုံပြင်ထဲကလို ရွှေမင်းသမီးလေး၏ အနမ်းတစ်ပွင့်ဖြင့်ပင် ရှင်သန်ထမြောက်လိုပါသည်။ သူကိုယ့်ကို နမ်းလို၏ မနမ်းလို၏လည်း ကျွန်တော် မသိပါချေ။ ဂစ်တာတီး၍ သီချင်းဆိုနေသည်ကို နားဆင်နေလေမြည်လား။ လာလည်ပါဟုပြောသော နေရာတစ်ခုကို သွားသွားလည်လည် လုပ်နေမည်လား။ ဖုန်းဆက်ကာ စကားတွေ မေးထူးခေါ်ပြောဖြင့်ပင် ပြောနေချေမည်လား ကျွန်တော် မသိပါချေ။ ကျွန်တော်သိနေသည့် တစ်ခုသော အရာကား ... တစ်ချိန်တွင် သူ ကျွန်တော့်ကို သတိတရရှိလိမ့်မည်။ ထိုအခါ ကျွန်တော့်အတွက် မြက်ပန်းတစ်ပွင့်ပင်ဖြစ်စေ ... သူ အမှတ်တရပြုလိမ့်မည်။ ကျွန်တော်ကား နှုတ်ဆက် ဓမ္မတေးတစ်ပုဒ်ဖြင့် အေးချမ်းငြိမ်သက်စွာ လဲလျောင်းလျှက် ... ။ သီချင်းချစ်သူနားဆင်ရန် ကျွန်တော့် အသက်ခန္ဒာဖြင့် တီးခတ်ယူရသည့် သီချင်းတစ်ပုဒ်ကား ချစ်ခြင်းမေတ္တာဖြစ်လေသည်။

ကဗျာဆရာတွေ စိတ်ကူးယဉ်ဆန်လွန်းသည် စိတ်ခံစားမှုကို ဦးစားပေးလွန်းသည်ဟူသည့် အချက်အား ဤနေရာတွင် အပြည့်အ၀ ကန့်ကွက်ခဲ့ပါသည်။ အရာတစ်ခုလည်း ထပ်လောင်း အသိပေးခဲ့ပါဦးမည်။ " ကိုယ်ခံရမှ သိမယ် " ဟူ၍ ဖြစ်သည်။ ထိုအခါမှ တမ်းတစရာ အမိလည်း အဆင်သင့်ရှိပါစေလေ။

ကျေးဇူးတင်ပါသည်။

ကိုဖြိုး
Read More 0 comments | | edit post

အင်တာနက်ပေါ်က ဘောလုံးပွဲ

စနေတစ်ညပေါ့ ... မန်ယူပွဲရှိတယ်။ ဘယ်ကနေ ကြည့်လို့ကြည့်ရမှန်း မသိပါဘဲ ရွာတွေလည်၊ တိုင်တွေပတ်ပြီး ဘောပွဲနဲ့ ဝေးနေတာလည်း ကြာပေါ့။ ညီညီက သတင်းပေးလာတယ်။ အင်တာနက်ပေါ်ကနေ ကြည့်လို့ရတယ်တဲ့။ တယ်ဟုတ်ပါလားပေါ့။ ဒါနဲ့ပဲ ဟိုစမ်းဒီစမ်းကလေးနဲ့ စမ်းလိုက်တာ ကြည့်လို့ရသွားတယ်။

အရင်ဆုံး ဒီကနေ ဒေါင်းလုပ်ချဖို့လိုလိမ့်မယ်။ ပြီးရင် အဲဒီဆော့ဖ်ဝဲလ်လေးကို တင်လိုက်ရုံပဲ။ ဘာမှ လုပ်မနေနဲ့ တစ်ခါတည်းသာ တန်းပြီး Sing In လုပ်လိုက်။ သူဝင်သွားပြီဆိုတာနဲ့ Address ဆိုတဲ့နေရာမှ Star Sport ရဲ့ နံပါတ် 6029 ESPN 6003 ကိုရိုက်ထည့်လိုက်။ ထိုင်သာစောင့်နေပေတော့ သူ့အလိုလို လာလိမ့်မယ်။ တခြားအချိန်တွေမှာ ပျင်းလို့ ကြည့်ချင်သပဆို Live Channels တွေလည်း ရှိသေးတယ်။

6001 : (CN) ( 10) GSports 上海体育
6002 : (CN) ( 16) CCTV-5 [CCTV-5]
6003 : (HK) ( 15) ESPN Sports [ESPN体育]
6007 : (CN) ( 7) ShangHai GSports 2 [上海体育 2]
6029 : (CN) ( 32) Star Sports
6106 : (US) ( 15) SOCCER LIVE!!!
6543 : (CN) ( 15) GD sports
6816 : (EN) YES

ဘောပွဲတွေ ဘယ်ကနေ ကြည့်ရပါ့မလဲ မျှော်နေသူတွေ။ အင်တာနက်ကလည်း ကောင်းနေသပဆို ကြည့်လို့ရဖို့ ဝေမျှပေးလိုက်ပါတယ်။
Read More 0 comments | | edit post

ဒါကြောင့်ပေါ့ ...

လူတွေက မစားရရင် ၀ခမန်းပါပဲ
ပြောလည်း ပြောတတ်ကြတယ် ...
ပြီးတော့လည်း ကိုယ့်ဝပ်ကျင်းကလေးထဲပဲ
ကိုယ်ပြန်ပြန်ဝပ်နေပြီး
သာ ... ယာ ... နေ ... ကြ ... ကျေ ... နပ် ... နေ ... ကြ ...
ဖောက်ထွက်သွားမယ်လို့ တွေးမိလေတိုင်း
ကန့်လန့်ကာ တားဆီးထားလိုက်ကြပုံများ

လူသားအားလုံးနဲ့ မတူတဲ့ ဂြိုလ်သားတဲ့လေ
ရွံ့ရှာဖွယ် စက်ဆုပ်ဖွယ်တွေ ပြည့်နေတဲ့
အလောင်းပုပ်ကောင်တစ်ကောင်လို
ငါ့ကို ကြည့်နေကြတဲ့ မျက်ဝန်းတွေကို
တွေ့ ... တယ် ...

ငါ့ရဲ့ ပုပ်အဲ့နံစော်နေတဲ့ အလောင်းကောင်ကြီးထဲမှာ
လောက်တွေလို အတွေးအခေါ်တွေပါတယ်
အသားထဲက ထွက်ကျလာတဲ့ လောက်လို
ငါ့ကိုယ်ထဲက စိတ်ကူးပုံရိပ်တွေ
အိပ်မက်တွေလေ ... တရွရွနဲ့ ပြေးလွှားနေကြ
ဟိုနားဒီနားကနေ ... ရှောင်သွားကြ ရှားသွားကြ
ဝေးရာကို ခွာခဲ့ကြပေါ့
လူတွေလေ ... လူလူသူသူနဲ့ တူအောင်နေတယ်ဆိုတဲ့ လူတွေ

အသိုင်းအ၀ိုင်းတစ်ခုက အသိအမှတ်ပြုလက်ခံဖို့
လူဆိုတဲ့ အမှတ်တစ်ခုက မလုံလောက်ဘူး ...
ဘ၀မှာ စာမေးပွဲတွေကျတယ် ...
မျက်စောင်းတွေ အရိပ်တွေလို ယိုင်ယွဲ့ကျကျလာတယ်
မဲ့ရွဲ့ခြင်းတွေ ... အလုံးလိုက် အလိပ်လိုက် ...
ကျတယ် ...
ငါက ဘ၀ကို စာမေးပွဲလို မဖြေချင်ခဲ့ရုံသက်သက်နဲ့ပဲ
ဘာကိစ္စ လက်တွေကို လွှတ်ချလိုက်ရမှာလဲ ...

တစ်ခုပါပဲ ...
လိုက်ရဲရဲ့လား ... ???

ကိုဖြိုး
Read More 0 comments | | edit post

စိတ်အသံ

တိုချင်တို ငိုချင်ငိုပေါ့

စိတ်ဆိုတာ ကိုယ်လိုရာမောင်းတဲ့ ကားဖြစ်မှ
သွားလိုရာသွားလို့ရမယ်
မသွားဘဲ ရပ်ချင်သပဆိုလည်း ရပ်သာထား
ဘယ်ကိုမှ မသွားတော့ဘူး
ကိုယ့်ရင်ကို ကိုယ်ခြေစုံကန်ပြီး
နေရာမှန်ရောက်မယ် မထင်လေနဲ့

သွားမယ့်ခရီးက
အပြီးသတ်မှာ အရှုံးထွက်မလား
အမြတ်ထွက်မှာလား ...
ဘာမေးခွန်းမှ မေးမနေနဲ့
ဖြေစရာအဖြေလည်း မရှိဘူး
အများသူငါနဲ့ မတူတဲ့ကောင်ကို
နားလည်ဖို့ ကြိုးစားနေသူရှိရုံနဲ့တင်
ငါ့ဘ၀ကို ငါကျေနပ်တယ် ...
ငါ့ လူဖြစ်ပိုင်ခွင့်ကို လာလာမစွက်ဖက်ကြပါနဲ့

တစ်နေ့တစ်ရက် တစ်မနက်ပဲဖြစ်ဖြစ်
ငါ့ဘက်ကို ငါရပ်တည်နိုင်ဖို့
ငါ့ခြေတွေ ခိုင်မာနေစေဦးဖို့
ငါ့အသိတွေ မြည့်နေအောင်ထက်စေဖို့
ငါ့ စိတ်ဓါတ်တွေ ဒေါင်ဒေါင်မြည်နေစေဖို့
ငါ့ကို နားလည်ပါ ... ငါဆိုလိုတာက ...
ရှည်ရှည်ဝေးဝေးတွေ ပြောနေမှ သိမှာ မဟုတ်ပါဘူး
ငါ့ရင်ဘတ်ကို စူးစိုက်ကြည့်ရုံနဲ့ သိလိမ့်မယ်

ငါ့ရင်ကို ဘယ်လိုဓားတွေနဲ့ ခွဲခွဲ
ကွဲကို မကွဲတော့ဘူး ...

ကိုဖြိုး

Read More 0 comments | | edit post
Newer Posts Older Posts Home

L'etranger

  • About
      မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
  • Labels

    • Story (6)
    • Talk (8)
    • Tech (7)
    • ကဗျာ (51)

    Blog Archive

    • ► 2009 (29)
      • ► October (1)
      • ► September (2)
      • ► July (2)
      • ► June (3)
      • ► May (8)
      • ► April (4)
      • ► March (6)
      • ► February (2)
      • ► January (1)
    • ▼ 2008 (45)
      • ► December (7)
      • ► November (10)
      • ▼ October (16)
        • ၂၇ နှစ်သား
        • အချစ်လားဟေ့ ၀င်ခဲ့လေကွယ်
        • မစွက်ဖက်နဲ့
        • မမေ့ပါနဲ့
        • ခရီးအစ
        • အကောင်း အပြောမခံရခြင်းများနှင့်အတူ
        • ထွေရာလေးပါး
        • လွန်လေပြီးသော အခါ
        • အဖိတ်အစင်များတဲ့နေ့တွေ
        • ဟောဒီ ကမ္ဘာကြီးမှာ
        • ကြိုးပြတ်သွားခြင်း
        • အောက်တိုဘာရေ ...
        • သီချင်းချစ်သူ
        • အင်တာနက်ပေါ်က ဘောလုံးပွဲ
        • ဒါကြောင့်ပေါ့ ...
        • စိတ်အသံ
      • ► September (12)

    Followers

    My Blog List

    • အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
      ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...
      7 years ago
    • My Burmese Blog
      Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!
      8 years ago
    • MANORHARY
      အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....
      9 years ago
    • ခင်မင်းဇော်
      ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...
      9 years ago
    • Tar Yar Minn Wai
      ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...
      14 years ago
    • NyAlAy
      အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...
      15 years ago
    • ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
      “THE CRADLE TO THE GRAVE” - အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။ ...
      15 years ago
    • Just Sharing What I Know
      Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...
      16 years ago
    • Nine Nine SaNay
      -
    • Moon Thet Pan
      -
    • မိုးလှိုင်ည
      -

    My Links

    • သဲအင်းဂူ
    • သန့်တည်ပွား
    • Dhamma Download
    • ပေါ်ပြူလာ
    • ဈေးကွက်ဂျာနယ်
    • သံလွင်အိပ်မက်
    • First Eleven
    • Myanmar Ebooks
    • iPhone's Applications
    • EOS Magazine
    • Digital Dream
    • Canon

    C-Box

  • Search






    • Home
    • Posts RSS
    • Comments RSS
    • Edit

    © Copyright L'etranger. All rights reserved.
    Designed by FTL Wordpress Themes | Bloggerized by FalconHive.com
    brought to you by Smashing Magazine

    Back to Top