နည်းနည်းလေးတော့ အပြစ်တင်ဖို့ကောင်းတယ်
ခင်ဗျားတို့ရဲ့ ဘုရားသခင်ဟာ
ဘက်လိုက်တတ်သူကြီးပဲလို့ ကျွန်တော်ပြောလိုက်ရင်
ကျွန်တော့်ကို ၀ိုင်းရိုက်ကြဦးတော့မယ်
ဒါပေမယ့် ...
ဒါပေမယ့် ...
ဒါပေမယ့် ...
ပြီးပြည့်စုံတဲ့အလှကိုတော့ သူမဖန်ဆင်းတတ်သေးဘူးလေ
ဟာကွာဆိုပြီးတော့
ခင်ဗျား ငြီးတွားလိုက်တိုင်းမှာ
ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအပေါ်ကို
အလိုမကျသံကြီးက ပါနေပေါ့
ကျွန်တော်လည်း ဒီအတိုင်းပါပဲ
ထူးမခြားနားတဲ့ ပြဇါတ်တစ်ပုဒ်မှာ
ချစ်သောသူကို ခဏခဏဆုံးရှုံးလိုက်ရ
ပြန်ရလိုက်ရနဲ့ လုံးလည်ချာလည်ကို လိုက်နေတာပါပဲ
ဟောဒီကမ္ဘာမြေကြီးမှာ
ခင်ဗျားတို့ ကျုပ်တို့ဟာ
အတွင်းသံတွေကို ဆုံးရှုံးနေကြ
ကိုယ့်ဆန္ဒတွေကို ဆုံးရှုံးနေကြ
နိစ္စဒူဝ ဘ၀ရဲ့ အသံတွေ အထပ်ထပ်နားဆင်ရင်း
ဘယ်လမ်းသွားရမှန်းမသိတဲ့အဆုံး
နွားခြေရာခွက်ထဲပဲ ပြန်ပြန်အိပ်စက်လိုက်ကြတယ်
ဟောဟို ပြင်ပကမ္ဘာက ငါ့နေရာလောက်မှ မမိုက်တာဆိုတဲ့
အသံကိုပဲ လှိုင်းအထပ်ထပ်နဲ့ ပဲ့တင်ထပ်လိုက်ကြ
ကျွန်တော်ကတော့
တစ်ယောက်တည်းဖြစ်နေချိန်တိုင်းမှာ
မေးနေမိတဲ့ မေးခွန်းကလေးတစ်ခုရှိပါရဲ့
ငါဟာ ဘယ်သူ့အတွက် ဘာလဲ ??? ဆိုတာပေါ့
ပြီးတော့လည်း မဖြေနိုင်တဲ့အဆုံးမှာ
ဘုန်းခနဲ ပြန်လဲကျ
မခံချင်စိတ်နဲ့ ပြန်ထခဲ့ပေမယ့်လည်း
ခါးကတော့ နာခဲ့ပြီလေ
ဒါဟာ လူတစ်ယောက်က
ကမ္ဘာကြီးကို ဟားတိုက်ရယ်မောလိုက်တဲ့
ကဗျာတစ်ပုဒ်လည်းဖြစ်ကောင်းဖြစ်မယ်
ကမ္ဘာကြီးက လူတစ်ယောက်ကို
အကျဉ်းချထားတဲ့
လှောင်အိမ်တစ်ခုလည်းဖြစ်ကောင်းဖြစ်မယ်
အရာအားလုံးအတွက် ကျွန်တော့်ရဲ့ လက်တွေကို
လွန်ခဲ့သော လွန်ခဲ့သော လအနည်းငယ်ကပဲ
မြှောက်လို့ထားလိုက်မိတယ်
အစော်ကားခံ အနှိမ်ခံဘ၀မှာ
ဘယ်သူတွေကများ သာယာကြလဲ
အထီးကျန် အဖော်မဲ့ဘ၀မှာ
ဘယ်သူတွေကများ ကြည်နူးနေကြလဲ
လင်းဝေရီမှောင်နေတဲ့
တိမ်နဲ့တောင်ကို ဖြတ်ဖို့
အချစ် ... မင်းငါ့တောင်ပံကလေးလုပ်ပါလားဆိုတော့
သူက ခေါင်းညိတ်လို့ပြတယ်
ပြီးတော့လည်း
သူကချည်း ပျံပျံတက်သွားလိုက်တာ
ဘာဆိုဘာနဲ့မှကို လိုက်မမှီအောင်
ငါ နောက်ကျလို့ချည်း ကျန်ကျန်ခဲ့တယ်
အပြစ်တင်စောသူဟာ ကိုယ်ပါကွယ်
ဟောဒီလောကကို အပေါင်းလို့ ကိုယ်မကြည့်တတ်ဘူး
နှုတ်ရိပ်တွေပြနေတဲ့အခါ
တဖြည်းဖြည်းနဲ့ ဆုံးရှုံးသွားခဲ့တာတွေကို
မြင်မြင်နေတဲ့အခါ
ကိုယ့်စိတ်တွေက ကြမ်းရှလို့လာကြတယ်
ကိုယ့်စကားသံတွေကလည်း အကြင်နာတွေနဲ့ မချိုမြတော့ဘူးပေါ့ကွယ်
ဒါဟာ အမှန်တရားမို့
ကိုယ်လက်ခံထားပါရဲ့လေ
ကိုယ်လက်လွတ်ဆုံးရှုံးသွားတာ
သူဖြစ်နေမှာကိုတော့
ခုချိန်ထိ တဆတ်ဆတ်တုန်အောင်
ကြောက်ရွံနေတုန်းပေါ့။
ကိုဖြိုး