အိပ်ယာကနေ လူးလဲထပြီး သူမ ဖျော်ထားတဲ့ ကော်ဖီကို တစ်ကြိုက်လောက် မော့ချလိုက်ပြီး ကျွန်တော့်ရဲ့ တစ်နေ့တာ စတင်ဖွင့်လှစ်လိုက်ပါပြီ။
ထမင်းကြမ်းကြော်ကလေးနဲ့ ငပိကြော်ကို ဇကာကုံးကလေးနဲ့ အုပ်ထားတယ်။ ကျွန်တော် တစ်ချက်ပြုံးလိုက်မိပါရဲ့။ ဒီအချိန်ဆို သူမ ရုံးကို သွားရာလမ်းမှာပေါ့။ မကြာခင်မှာ သူမ ရုံးကို ရောက်တော့မယ်။ ဇိမ်နဲ့ နှပ်တတ်တဲ့ အကျင့်ရှိပေမယ့်လည်း မနှပ်တော့ဘဲ နောက်ဖေးမှာ တပိုတပါးသွား။ မျက်နှာသစ် သွားတိုက်ပြီး ကွန်ပျူတာရှေ့ ထိုင်၊ သူမကို မျှော်နေမိတယ်။
တစ်ခါတလေ နောက်ကျပြီး ထမိတဲ့နေ့တွေမှာဆို ကျွန်တော် စိတ်မကောင်းဘူး။ သူမ ရုံးရောက်လို့ ဂွတ်မောနင်းကလေးမှ မလုပ်ရရင် သူမရဲ့ တစ်နေ့တာကလေး ပြည့်စုံပါ့မလားလို့ စိတ်ပူမိတယ်။ ဒါဟာ တကယ်တော့ အတွေးပိုနေခြင်း သက်သက်မျှသာပေါ့။ အရင့်အရင်တွေကလည်း ထူးပြီး နှုတ်ဆက်ဖူးတာမှ မဟုတ်တာ။
သူမ ပြောဖူးတာလေး တစ်ခုကို သွားသတိရတယ်။ အရင်ကဆို ကျွန်တော်ရောက်လာမှ မဟုတ်မှန်း သိသိကြီးနဲ့လည်း မနက်ခင်းတွေမှာ မျှော်နေမိတတ်တယ်တဲ့။ သူမရဲ့ အဲဒီစကားကလေးတစ်ခွန်းအတွက် ကျွန်တော်ဟာ ဂွတ်မောနင်းကို တာဝန်သိပြည်သူတစ်ယောက်လို (အို … စေတနာ့ဝန်ထမ်းတစ်ယောက်လို) အလိုလိုနေရင်း လုပ်နေမိတတ်ပြီ။
သူမရဲ့ ဘ၀ကလေး အထီးကျန်ဆန်မှာ သိပ်ကို စိုးကြောက်မိတာပါပဲ။ သူမ လိုအပ်ချိန်တိုင်းမှာ အသင့်ပြင် အနေအထားနဲ့ ကျွန်တော်ရှိနေချင်တယ်။ ကျွန်တော်မရှိနိုင်ခဲ့ချိန်တွေမှာ သူမ ကြုံကရာလူတွေနဲ့ မိတ်ဖွဲ့ အပျင်းဖြေခဲ့ရတယ်လို့ ထင်မြင်မိလို့ပေါ့ကွယ်။ မရိုးသားစိတ်နဲ့ သူမကို စကားအရ၊ စာအရ၊ လူမှုရေးအရ၊ ဘာအရ၊ ညာအရတွေနဲ့ ပတ်သတ် အခွင့်အရေးယူခဲ့ကြလေသလား။
ဒီလိုဆိုရင်တော့ ကျွန်တော်ဟာ မဟာအခွင့်အရေးသမားကြီးပေါ့။ သူမရဲ့ နှလုံးသားကို စကားလုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ပြီ။
တကယ်ဆိုရင် သူမရဲ့ ဘ၀မှာ ကျွန်တော်ကလွဲလို့ ကျန်တဲ့သူတွေဟာ သူမပေးသလောက် မယူတတ်ခဲ့ကြသူတွေလို့လည်း တွေးနေမိတယ်။ ကျွန်တော်ကျပြန်တော့လည်း သူမ ပေးနိုင်တာထက်တောင် ပိုလိုချင်မိသူပေါ့။ သိပ်ကို လောဘကြီးတဲ့ကောင်လေ။
ဒီလိုနဲ့ ဟိုတွေး ဒီတွေးတွေးနေရင်းကကိုပဲ သူမ ရောက်ရှိလို့လာပေါ့။ ကျွန်တော် မမြင်ရပေမယ့်လည်း သူမ ကျွန်တော့်ကို လွမ်းနေမယ်ဆိုတာ သိနေမိတယ်။ သိပ်ချစ်တာပဲဆိုတဲ့ စကားထက် ပိုပါတယ်လို့ ပြောဖူးတဲ့ သူမရဲ့ သိပ်ချစ်တာပဲကိုလည်း သိချင်လာမိတယ်။ ကျွန်တော် မကြိုက်တာတွေကို သိသိကြီးနဲ့ ခဏခဏ လုပ်တတ်တဲ့သူမဟာ သူမရဲ့ ဆင်ခြေတွေအရ (တကယ်တော့ ဆင်ခြေဆိုတာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေနဲ့ လောက၀တ်စက်ရုံထွက် ပစ္စည်းတွေပေါ့) သိပ်ကို ချစ်ဖို့ကောင်းတာပဲ။
ကျွန်တော့်အတွက် အချိန်ပေးချင်ရှာလွန်းလို့ အရာရာကို အသည်းအသန်ဆိုသလို အမြန်ဆုံးဖြတ်၊ အရင်ဆုံးပြီးအောင်လုပ်ပြီးမှ သူမရဲ့ နားနေချိန်တွေကို ကျွန်တော့်အနားမှာ ဖြုန်းတီးပစ်ချင်သူ။ ကျွန်တော်စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပြီဆိုရင် မျက်နှာကလေးငယ်လို့ သိပ်ကို သနားဖို့ကောင်းတာပါပဲကွယ်။ သူမရဲ့ ၀မ်းနည်းနာကျင်ခြင်းတွေကို ကျွန်တော်ကတော့ အားအဖြစ်နဲ့ ပြောင်းပစ်ချင်တယ်။
ကျွန်တော့်ရဲ့ တစ်နေ့တာ အခန်းကလေးထဲမှာ သူမရဲ့ ရနံ့ကလေးတွေက လွှမ်းခြုံလို့နေပေါ့။ မလုပ်ဘူးကွာဆိုပြီးတော့ သူမ မသိရလေအောင် တိတ်တခိုးကလေးလည်း လျှောက်လုပ်ထားရဦးမယ်လေ။ အခုဆို ကျွန်တော့်ရဲ့ နေ့တွေဟာ သိပ်ကို အထီးကျန်ဆန်တာပါပဲ။
ခပ်ရိုင်းရိုင်းပြောရရင် အထီးတစ်ကောင်တည်း အိမ်မှာကျန်ခဲ့တာမှ အထီးမကျန်ရင် ဘာကျန်မလဲလို့တောင် မေးရမလိုပါပဲ။ ဒါပေမယ့် အဲဒီ ကျန်ခဲ့တဲ့အထီးဟာ သောက်ကောင်လေးလည်း ဖြစ်ချင်ဖြစ်မယ်။ သောက်သုံးလည်း ကျချင်မှကျမယ်။ သူမ စကားကို ငှားပြောရရင်တော့ ကိုယ် အရာရာကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံသွားဖို့ ဆုံးဖြတ်ထားပြီးပြီတဲ့။
အဲလို တစ်နေ့တစ်နေ့ ဇိမ်ကျနေတဲ့ သောက်ကောင်လေးကလည်း အရာရာကို ကောင်းကောင်းဆိုးဆိုး၊ တဇွတ်ထိုးပဲ ဆက်တိုးတော့မယ်။ ကိုယ်မှန်တယ်ထင်တဲ့ လမ်းပေါ်မှာ ကားယားကြီးခွထိုင်ပြီးလည်း နားချင်နားနေမယ်။ ဒါပေမယ့် ဆက်တော့လျှောက်မှာပေါ့လေ။
တစ်နေ့တာရဲ့ အလင်းတွေ ကုန်ဆုံးချိန်မှာ သူမ အိမ်ကို ပြန်လာလိမ့်မယ်။ ငိုက်မြည်းနေတဲ့ကြားကပဲ ကျွန်တော့်ကို ပြုစုယုယဦးမယ်။ သူမ သိပ်ချစ်တာကို မယုံဘူးလို့ သူမထင်နေတဲ့ ကျွန်တော့်ကို သက်သေတွေပြဦးတော့မယ်။ စကားပြောတော့မယ်ဆို ပြောပြန်ရင်လည်း အကောင်းဘက်ကနေ တွေးပေးတယ်ဖြစ်ဦးတော့မယ် ဆိုတာ အစချီရင်ချီ။ မချီရင် မောင် မကြိုက်တဲ့ စကားကိုပဲ ထပ်ပြောရဦးမယ် အစချီရင်ချီ။ သူမ ပြောလိမ့်မယ်။ ပြီးရင်လည်း မျက်နှာကလေးငယ်လို့ …
ကျွန်တော်က အချိန်တွေကို နှမြော။ ဘ၀ကို လောဘကြီးနေမိသူ။ သူမကို ကြင်နာဖေးမရမယ့်အစား၊ သူမ ပြုစုယုယတာတွေကို အခန့်သားထိုင်ခံစားရင်း သူမကို စကားကြမ်းကြမ်းတွေ ပြောပြောနေတတ်သူ။
ဟိုး အရင်ကလိုပဲ ကျွန်တော်တစ်ယောက်တည်း ညညတွေမှာ ငုတ်တုပ်ကလေး ထိုင်နေရင်း စာတိုပေစကလေးတွေ ရေးရင်း သူမ သိပ်ဖတ်ချင်ရှာတဲ့ ကျွန်တော့်ရဲ့ စိတ်ကို လှစ်ဟပြနေချိန် … အသက်ကလေး ပြင်းပြင်းရှူရင်း သူမကတော့ အိပ်မောကျလို့ပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးမိတယ်။ သိပ်ချစ်တာပဲဆိုတဲ့ စကားနဲ့ကော လုံလောက်ပါရဲ့လားကွယ်လို့လေ။ ဘ၀ဟာ သူတပါးတွေ စကားတင်းဆိုပြီး စော်ကားရန်လိုတာကလွဲလို့ နှောင့်ယှက် ခြေထိုးခံတာတွေကလွဲလို့ … လာလာ ပတ်သတ်နေတာတွေကလွဲလို့ … တယ်ကို ဇိမ်ကျပါလားကွယ်။ ကိုယ်ချစ်တဲ့သူကို တစ်ချက်လှည့်ကြည့်ရုံနဲ့ မြင်နေရတဲ့ ည … ညတွေကို ကျွန်တော် ဘာနဲ့မှ မလဲနိုင်ပါဘူးကွယ်။ မျှော်လင့်စောင့်စားခဲ့ရတာကလည်း ရှည်ကြာလွန်းလှခဲ့တာမို့ပါလေ။
ကိုဖြိုး
တယ်ဇိမ်ကျပါလား ငါတောင်အားကျလာပြီ သူငယ်ချင်း