• Home
  • Posts RSS
  • Comments RSS
  • My Photography
Blue Orange Green Pink Purple

ကိုဖြိုး၏

စည်းအပြင်ကလူ

အီစီကလီ

မင်္ဂလာနံနက်ခင်းပါတဲ့
သောက်စကားမရှိ သောက်စကားရှာပြီး
လာလာ ပတ်သတ်ကြတယ်
စားပြီးပြီလား နေကောင်းရဲ့လား
အလုပ်အကိုင် အဆင်ပြေရဲ့လား
ပဋိသန္ဓေစကားတွေနဲ့ ခင်ဗျားဗိုက်ကြီးလည်း ဖောင်းကားလို့နေပေါ့

ခင်မင်ချင်လို့ပါဆိုလိုက်ရုံနဲ့
ပြန်ပြန်ပြီး အချိန်တွေပေးလိုက်ရတာ
ခံစားချက်တွေကို မျှဝေလိုက်ရတာ
ကျွန်တော်ပြောရင်လည်း ရိုင်းတယ်ပဲ ဖြစ်ဦးတော့မယ်
သောက်ကျက်သရေယုတ်တယ်

သောက်လုပ်သောက်ကိုင်မကောင်းဘူးဆိုရင်လည်း
ကိုယ့်အထုပ်ကိုယ်ကိုင်ပြီး
လမ်းဘေးမှာသာ ထိုင်နေလိုက်ပေါ့
သနားတတ်သူ ... လူသား ...
ခင်ဗျားကို ... ငါးပြားဆယ်ပြား ဝေမျှကြလိမ့်မယ်
သူ တစ်ဖက်သား ခံစားချက်တွေကို
ဓားပြလို တိုက်ယူ ခိုးသူလို ဖွက်ယူ
ပွဲဆူအောင် လုပ်တတ်ကြသူတွေ
ဟောဒီကမ္ဘာမြေကို စီရင်ချက်ချမဲ့နေ့မှာ
ဘယ်နေရာကနေ နေကြမှာလဲ
လဲသာ သေလိုက်ကြပါတော့ကွာ

ဟောဒီကမ္ဘာမှာ လူတွေ ... လူတွေ ...
ပြီးတော့ လူတွေ ... လူတွေ ... လူတွေ ...
အဲဒီ သောက်ကျင့်တွေနဲ့ချည်းပဲ လည်ပတ်နေကြတယ်ဆိုရင်တော့
ငါ ဟောဟိုချောင်တစ်နေရာမှာ
ဝုတ် ... ၀ုတ် ... ၀ုတ် ... ၀ုတ် ... နဲ့
ထိုး ... ထိုးပြီးပဲ ဟောင်နေလိုက်တော့မယ်
လူလုပ်ရတာ စိတ်ဓါတ်ကျဖို့တယ်ကောင်းသကိုး ...

ကိုဖြိုး
Read More 0 comments | | edit post

သောက်ရေးကို မပါဘူး

ဒါဟာ သောက်ရေးသိပ်မပါတဲ့ လူတစ်ယောက်ပြောတဲ့ စကားဖြစ်တယ်
ခင်ဗျားတို့ သိထားတဲ့အတိုင်းပါပဲ ဟောဒီလောကကြီးထဲမှာ သောက်ရေးသိပ်မပါတာတွေ သိပ်ကိုများတယ်
သောက်လုပ်သောက်ကိုင်မရှိဘဲ သောက်ပျင်းကြီးပြီး အိပ်နေတုန်းမှာမှ
သောက်ရေးမပါတဲ့ ဖုန်းမြည်သံတွေကလည်း ထ, ထပြီး မြည်တတ်သေးတယ်
သောက်ရေးမပါတဲ့ ရာသီဥတုကလည်း ဟောဒီ ကမ္ဘာ့လူထုကို အကြောင်းပြုပြီး ပူလောင်ပြင်းခတ်နေတယ်
ပက်လက်လှန် ရင်ဘတ်ဟပြဲနဲ့ ဟောဒီလောကထဲက ဓမ္မတရားတွေကို ရင်နှင့်ဆီးခံ
အသံအထပ်ထပ် ဖွင့်ချပစ်တတ်တဲ့ ပတ်ဝန်းကျင်လည်း ဆူညံဆူညံပါပဲ

အသေအချာ ပြန်ပြီး စဉ်းစားကြည့်စမ်းပါ
ခင်ဗျားတို့ ကျုပ်တို့ရဲ့ အသားကျလူ့ဘ၀ကို
ဒီနေ့ ခင်ဗျားဘယ်နှစ်ကြိမ်မြောက်ရေရွတ်လိုက်မှန်းမသိတဲ့
သောက်ရေးကို မပါဘူးဆိုတဲ့ စကားတစ်ခွန်းက
ကျုပ်ဆီကို ဘာလက်မှတ်မှ မပါဘဲ ရောက်ချလို့လာတယ်
တကယ်ပါကွယ်
အိပ်မောကျဖို့ အတော့်ကို ပြန်ပြီး ကြိုးစားယူရဦးတော့မယ်

ကိုဖြိုး
Read More 0 comments | | edit post

ဆုံးရှုံးနေကြ

ဟောဒီကမ္ဘာမြေကြီးဟာ
နည်းနည်းလေးတော့ အပြစ်တင်ဖို့ကောင်းတယ်
ခင်ဗျားတို့ရဲ့ ဘုရားသခင်ဟာ
ဘက်လိုက်တတ်သူကြီးပဲလို့ ကျွန်တော်ပြောလိုက်ရင်
ကျွန်တော့်ကို ၀ိုင်းရိုက်ကြဦးတော့မယ်

ဒါပေမယ့် ...
ဒါပေမယ့် ...
ဒါပေမယ့် ...
ပြီးပြည့်စုံတဲ့အလှကိုတော့ သူမဖန်ဆင်းတတ်သေးဘူးလေ

ဟာကွာဆိုပြီးတော့
ခင်ဗျား ငြီးတွားလိုက်တိုင်းမှာ
ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအပေါ်ကို
အလိုမကျသံကြီးက ပါနေပေါ့

ကျွန်တော်လည်း ဒီအတိုင်းပါပဲ
ထူးမခြားနားတဲ့ ပြဇါတ်တစ်ပုဒ်မှာ
ချစ်သောသူကို ခဏခဏဆုံးရှုံးလိုက်ရ
ပြန်ရလိုက်ရနဲ့ လုံးလည်ချာလည်ကို လိုက်နေတာပါပဲ

ဟောဒီကမ္ဘာမြေကြီးမှာ
ခင်ဗျားတို့ ကျုပ်တို့ဟာ
အတွင်းသံတွေကို ဆုံးရှုံးနေကြ
ကိုယ့်ဆန္ဒတွေကို ဆုံးရှုံးနေကြ
နိစ္စဒူဝ ဘ၀ရဲ့ အသံတွေ အထပ်ထပ်နားဆင်ရင်း
ဘယ်လမ်းသွားရမှန်းမသိတဲ့အဆုံး
နွားခြေရာခွက်ထဲပဲ ပြန်ပြန်အိပ်စက်လိုက်ကြတယ်
ဟောဟို ပြင်ပကမ္ဘာက ငါ့နေရာလောက်မှ မမိုက်တာဆိုတဲ့
အသံကိုပဲ လှိုင်းအထပ်ထပ်နဲ့ ပဲ့တင်ထပ်လိုက်ကြ

ကျွန်တော်ကတော့
တစ်ယောက်တည်းဖြစ်နေချိန်တိုင်းမှာ
မေးနေမိတဲ့ မေးခွန်းကလေးတစ်ခုရှိပါရဲ့
ငါဟာ ဘယ်သူ့အတွက် ဘာလဲ ??? ဆိုတာပေါ့
ပြီးတော့လည်း မဖြေနိုင်တဲ့အဆုံးမှာ
ဘုန်းခနဲ ပြန်လဲကျ
မခံချင်စိတ်နဲ့ ပြန်ထခဲ့ပေမယ့်လည်း
ခါးကတော့ နာခဲ့ပြီလေ

ဒါဟာ လူတစ်ယောက်က
ကမ္ဘာကြီးကို ဟားတိုက်ရယ်မောလိုက်တဲ့
ကဗျာတစ်ပုဒ်လည်းဖြစ်ကောင်းဖြစ်မယ်

ကမ္ဘာကြီးက လူတစ်ယောက်ကို
အကျဉ်းချထားတဲ့
လှောင်အိမ်တစ်ခုလည်းဖြစ်ကောင်းဖြစ်မယ်

အရာအားလုံးအတွက် ကျွန်တော့်ရဲ့ လက်တွေကို
လွန်ခဲ့သော လွန်ခဲ့သော လအနည်းငယ်ကပဲ
မြှောက်လို့ထားလိုက်မိတယ်

အစော်ကားခံ အနှိမ်ခံဘ၀မှာ
ဘယ်သူတွေကများ သာယာကြလဲ
အထီးကျန် အဖော်မဲ့ဘ၀မှာ
ဘယ်သူတွေကများ ကြည်နူးနေကြလဲ
လင်းဝေရီမှောင်နေတဲ့
တိမ်နဲ့တောင်ကို ဖြတ်ဖို့
အချစ် ... မင်းငါ့တောင်ပံကလေးလုပ်ပါလားဆိုတော့
သူက ခေါင်းညိတ်လို့ပြတယ်
ပြီးတော့လည်း
သူကချည်း ပျံပျံတက်သွားလိုက်တာ
ဘာဆိုဘာနဲ့မှကို လိုက်မမှီအောင်
ငါ နောက်ကျလို့ချည်း ကျန်ကျန်ခဲ့တယ်

အပြစ်တင်စောသူဟာ ကိုယ်ပါကွယ်
ဟောဒီလောကကို အပေါင်းလို့ ကိုယ်မကြည့်တတ်ဘူး
နှုတ်ရိပ်တွေပြနေတဲ့အခါ
တဖြည်းဖြည်းနဲ့ ဆုံးရှုံးသွားခဲ့တာတွေကို
မြင်မြင်နေတဲ့အခါ
ကိုယ့်စိတ်တွေက ကြမ်းရှလို့လာကြတယ်
ကိုယ့်စကားသံတွေကလည်း အကြင်နာတွေနဲ့ မချိုမြတော့ဘူးပေါ့ကွယ်

ဒါဟာ အမှန်တရားမို့
ကိုယ်လက်ခံထားပါရဲ့လေ
ကိုယ်လက်လွတ်ဆုံးရှုံးသွားတာ
သူဖြစ်နေမှာကိုတော့
ခုချိန်ထိ တဆတ်ဆတ်တုန်အောင်
ကြောက်ရွံနေတုန်းပေါ့။

ကိုဖြိုး
Read More 0 comments | | edit post

အဖော်မဲ့ စကားသံ

ဟောဒီလောကကို နှုတ်ဆက်ဖို့
ငါ့တောင်ပံတွေကို တဖျတ်ဖျတ်ခတ်လိုက်တယ်
ငါ ပျံတက်သွားပါ့မယ်
အဝေးဆုံး ...
အမြင့်ဆုံး ...
ဟိုး ... ကောင်းကင်ဘုံဆိုတဲ့ နေရာအထိပေါ့
ဟောဒီ လူတွေရဲ့ လောကကိုတော့ ပြန်မလာချင်တော့ဘူးကွယ်

ချစ်ခဲ့တာတွေ ...
ချစ်ဖူးတာတွေ ...
ချစ်နေတာတွေ ...
မုန်းခဲ့တာတွေ ...
မုန်းဖူးတာတွေ ...
မုန်းနေတာတွေ ...
ဘာတစ်ခုမှကို သုံးမရလောက်အောင် ပြုပြင်ရခက်ခဲ့ပြီ

တွေ့လား
ဟောဟိုက အလျား တစ်လက်မကျော်ကျော်နဲ့
အနံ တစ်လက်မလျော့လျော့
သတ္တုပြား ပါးပါးကလေးတစ်ချပ်
ငါ့လက်ကောက်ဝတ်ပေါ်ကိုလည်း ကန့်လန့်ဖြတ်ဆွဲချသွားရော
နီစွေးနေတဲ့ အရည်လဲ့လဲ့တွေကြားမှာ
ငါ့ကိုယ်ငါ ပြန်တွေ့လိုက်တယ်
သိပ်ညံ့လွန်းတဲ့ကောင်လို့တောင် မှတ်ချက်ပြုလိုက်မိသေးရဲ့

ခုတော့လည်း
ငါ့တောင်ပံခတ်သံတွေကို ငါပြန်ကြားနေမိပေါ့
ဟိုးအဝေးဆုံးကို ပျံတက်သွားဖို့
အားယူနေတဲ့ကောင်ဟာ ငါ ...
... လို့ ကိုယ့်ကိုယ်ကို သိလိုက်မိချိန်

ခက်တာပဲကွယ်
အနီးအပါးမှာလည်း
စကားတွတ်ထိုးဖို့ လူလည်းမရှိ ... ။

ကိုဖြိုး
Read More 0 comments | | edit post

အသုံးမကျတဲ့ နာရီများ

သူမျှော်လင့်နေမယ်ထင်လို့
ကိုယ်နိုးထခဲ့ပါတယ်
ရိုးရိပ်ရီဝေနေတဲ့ ကိုယ့်ပုံရိပ်တွေက
ကိုယ့်ကို မြေပေါ်ဆွဲဆွဲချနေတယ်
ဘာတစ်ခုမှ အသုံးမကျတဲ့ ကိုယ်ပါကွယ်
မျှော်လင့်စောင့်စားနေရတာကိုမှ
သာယာယစ်မူးနေမိတယ်

မိနစ်စက္ကန့်တွေနဲ့အမျှ
ကိုယ့်အာရုံတွေ ဝေကာဝါးနေကြပေါ့
လူးလူးလှိမ့်လှိမ့်လှတဲ့ မနက်ခင်းတွေမှာ
ကိုယ်ဟာ အထီးကျန်ခြင်းကိုမှ
ဈေးကြီးကြီးနဲ့ ပေးကာဝယ်ထားရသူ

တချက်ချက်ကလေး တချောက်ချောက်ကလေးတောင်
မမြည်ဘဲ
နာရီတွေက ကုန်လွန်ကာ ရွေ့လျားသွားကြတယ်

အဆိုးဝါးဆုံးသော စိတ်ကူးတွေနဲ့လူ
သေဖို့မထူးတဲ့ဘ၀မှာ နေဖို့ကောထူးဦးမှာလား
လိုတာရတဲ့ ငှက် ...
ပျံအတက်မှာ လောက်စာမိလို့သွားပေါ့
ခြေကားယားလက်ကားယားနဲ့
ကိုယ်ပြန်ပြုတ်အကျမှာ
ထုံးစံအတိုင်းပါပဲ
ကမ္ဘာမြေကြီးက သစ္စာတော် အနန္တနဲ့ ပွေ့ဖက်တယ်

ဒီတစ်ခါကော
ကိုယ်ပြန်လည်နိုးထစေဖို့
သူ့လက်တို့ကမ်းလင့်ဦးမှာလား ???

အချစ်ရယ်
မင်းရဲ့ သစ္စာရှိသော ကိုယ်ပါကွယ်
မျက်ရည်ထွန်းနေတဲ့ ဟောဒီကျွန်းမြေမှာ
အချိန်အကန့်အသတ်မရှိ
ကိုယ်လွမ်းနေပါတယ်

ကိုဖြိုး
Read More 0 comments | | edit post

အင်မတန်ဆိုးတဲ့ကောင်

ပြောပြန်ရင်လည်း ငါလွန်တယ်လို့ပဲ ထင်ကြဦးတော့မယ်။ မင်းတို့ကတော့ သိနေပြီးသားမို့ ထူးထွေပြီးတော့ ထင်ချင်မှ ထင်တော့မှာပေါ့လေ။ ဖြစ်နိုင်ချေနောက်တစ်ခုက ငါဟာ မင်းတို့ရဲ့ သူငယ်ချင်းဖြစ်နေသေးတာလည်း ပါမှာပေါ့လေ။ ဒါပေမယ့် မပြောရင်သာရှိမယ် မင်းတို့လည်း သိနှင့်နေပြီးသားပဲလေ။ ငါဘယ်လောက်ထိ ဆိုးတယ်ဆိုတာကို။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုးလို့ အပြောခံအဆိုခံပြီးတော့လည်း မင်းတို့က ငါ့ကို (မင်းတို့ရဲ့ အသုံးမကျတဲ့ သူငယ်ချင်းကို) ကာကွယ်ပေးထားကြတယ်နော်။

ဟုတ်ပါရဲ့ကွယ်။ မင်းတို့ ထင်တာ တစ်ခုတော့ မှန်တယ်။ ဒီလောက်ဆိုးနေတဲ့ကောင် မိန်းမရရင် လိမ်မာသွားလိမ့်မယ်တဲ့။ အဲဒီလို ခပ်ဆိုးဆိုး ခပ်ပေပေကောင်လေးတစ်ယောက်ဟာ သူ့ကို သိပ်ချစ်ပြီး သူ့အပေါ် သိပ်ကောင်းရှာတဲ့ မိန်းမတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ဖူးစာဆုံရတယ်ဆိုတာ။ အားနာတာပဲလား။ သနားတာပဲလားတော့ မသိဘူး။ သူက ငါ့အပေါ် သိပ်ကောင်းလွန်းတော့ ငါသိပ်ဆိုးပြလို့ မဖြစ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ခံစားလာရတယ်။

ဟုတ်တယ် သူငယ်ချင်းတို့ရယ်။ မင်းတို့ သိထားတဲ့ ငါဟာ သိပ်ဆိုးတဲ့ လူဆိုးလေးတစ်ယောက် မဟုတ်တော့ဘူး။ လိမ်မာဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်သွားပြီ။

လူတစ်ယောက်ရဲ့ ဘ၀မှာ လိမ်မာပြရတာလောက် အရသာရှိတာ ဘယ်ရှိလိမ့်မလဲ။ လူတကာနဲ့ ဖော်ဖော်ရွေရွေဆက်ဆံပြီး လူလိမ်မာလုပ်နေရတာလောက် စိတ်ချမ်းမြေ့ဖွယ်ရာ ဘာရှိလိမ့်မလဲ။ ငါဘာကြောင့် မသိခဲ့တာပါလဲကွယ်။ အခုမှ သိပ်ကို ညံ့ခဲ့ပါလား ပြန်တွေးရင်လည်း အလကားဖြစ်ဦးတော့မယ်။ ငါ့ဘ၀ကို ငါ အသုံးမကျလှစွာ ဖြတ်သန်းခဲ့ပြီးမှ သူ့လို ငါ့အပေါ် သိပ်ကို အနွံတာခံရှာတဲ့သူမျိုးနဲ့ ဆုံဆည်းရတာမှ ကံကောင်းတာလို့ မပြောရင် ဘာကို ကံကောင်းတယ်ပြောရမှာတုန်း။

သန်းထီကြီးပေါက်ပြီး မမျှော်လင့်ဘဲ ချမ်းသာသွားတာမျိုးကို ကံကောင်းတယ်ပြောရမှာလား။ ရုတ်တရက် ဘယ်ကမှန်း မသိတဲ့ ကြေးရတက်ဆွေမျိုးတစ်ယောက် ကောက်ကာငင်ကာပေါ်လာပြီး အမွေတွေ လာပေးတာကို ကံကောင်းတယ်ပြောရမှာလား။ မနက်အိပ်ယာနိုးလို့ မျက်နှာအသစ်မှာ မမျှော်လင့်ထားလောက်အောင် ချောလာ လှလာတာမျိုးကို ကံကောင်းတယ်ပြောရမှာလား။ (ဒါကတော့ ရုပ်ရှင်ပြကွက် ဆန်လွန်းတယ်)

မင်းတို့ မနာလိုဖြစ်အောင် ထပ်ပြောပြရဦးမယ်။ ပြောပြမယ့်သာ ပြောပြရတာပါ။ မင်းတို့ မနာလိုဖြစ်မယ်လည်း မထင်ပါဘူး။ ဘာလို့လဲဆိုတော့ နဂိုတည်းကိုက မင်းတို့ မှန်းဆပြီးသား ဖြစ်နေမှာပါလေ။

မဖြစ်နိုင်တာတွေ စုပြုံပြီးဖြစ်လာနေတယ်ဆိုရင်တော့ နည်းနည်းထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အိပ်မက်မဟုတ်ဘူးဆိုတာကို ငါ့အသား ငါပြန်ပြန်ဆွဲဆိတ်ကြည့်နေလို့ သိနေရတယ်။ ခက်တာပဲကွာ။ ငါကလည်း သူ့အကြောင်း ပြောတော့မယ်ဆိုရင် ဘယ်ကနေ ဘယ်လို စပြီး ပြောပြရမှန်းကို မသိတော့လောက်အောင်ပါပဲ။

သူကလည်း သူ။ ငါ ပြောမပြတတ်လောက်အောင်ပဲ ငါ့အပေါ် ချစ်ခင်မြတ်နိုးလွန်းရှာတယ်။ နေဦးကွာ။ ပြောမယ့်ပြော အစက စပြီးပြောမှပဲ ကောင်းမယ်ထင်တယ်။ ခဏ စဉ်းစားပါရစေဦး။ အမှန်က မေ့နေတယ်ဆိုတာမျိုး မဟုတ်ဘဲ ဘယ်ကနေ စရင်ကောင်းမလဲလို့ တွေးနေတာလေ။ ငါဘယ်ကနေ စပြောရပါ့မလဲ။ အစ။ ငါတို့ရဲ့ အစ။

ငါတို့ရဲ့ အစဆိုတာ ငါတို့ စသိခဲ့ကြတာလား။ ငါတို့ စကားတွေ စပြောခဲ့ကြတာလား။ ငါတို့ စတွေ့ခဲ့ကြတာလား။ ငါတို့ ဘ၀ကို စပြီး အတူရင်ဆိုင် ဖြတ်သန်းခဲ့ကြတာလား။ အစတွေက သိပ်ကို များလွန်းတော့ ဘယ်ကနေ စရမှန်း ငါတကယ် မသိဘူးလေ။

ငါသိပ်ကို ဆိုးတယ်ဆိုတာလည်း မင်းတို့ အသိပဲ။ သိပ်ကို ဆိုးလွန်းတော့ အမှားတွေ အထပ်ထပ်နဲ့ သူ့ရဲ့ နေ့စဉ်လူမှုဘ၀ကို သွားသွားပြီး ပတ်သတ်တယ်။ ပြီးတော့လည်း သူ့အတွက် အဆင်မပြေမှာ စိုးတာနဲ့ပဲ ပြန်ပြန် အဖတ်ဆယ်ပြီး ပြန်ပြန်စနေရတာပါပဲ။ မင်းတို့တင် မဟုတ်ပါဘူး။ အခုစာကို ဖတ်နေရသူတွေလည်း သိလောက်ရောပေါ့။ ငါဟာ သောက်သုံးမကျတဲ့ကောင်။

ငါတို့ စသိခဲ့ကြတာက အချိန်အတော်ကြာကတည်းကပေါ့လေ။ အမှတ်မထင်ဘဲ စတွေ့ခဲ့ကြတယ်လို့ပဲ ပြောရမှာပဲ။ ဒါပေမယ့် ငါ အမှတ်ထင်ထင်ရှိနေခဲ့တာကို မင်းတို့လည်း သိခဲ့မှာ မဟုတ်ပါဘူးလေ။ သူ့ဘ၀အတွက် ဘယ်လို အရေးပါ အရာရောက်တဲ့ နေရာမျိုးမှာ ငါပါဝင်ပတ်သက်ခဲ့ပါသလဲ။ ငါလည်း မသိတော့ဘူး။ သူ့ကိုသာ မေးကြည့်ကြကွာလို့ပဲ စကားလွှဲချရမလို ဖြစ်နေတယ်။

သူက အမြဲပြောတယ်။ ငါက သူပြောတာတွေကို မှတ်မထားလို့ဆိုပြီးတော့။ ငါလည်း လူပဲလေ အရာအားလုံးကို လိုက်ပြီး မှတ်မိနေတာမျိုးတော့ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် သူနဲ့ကျတော့ ထူးဆန်းတယ်။ နေ့ရက်တွေကို မှတ်မိနေတာမျိုး ကိန်းဂဏန်းတွေကို မှတ်မိနေတာမျိုး မဟုတ်ပါဘဲ … သူ ပြောဖူးတဲ့ စကားလေးတွေကို လိုက်ပြီး မှတ်မိနေတတ်တယ်။ ပြီးတော့လည်း သူက ငါ မမှတ်မိဘူးထင်နေတာမျိုးကို သဘောကျနေတတ်မိတယ်။

ငါ အခုလိုတွေ စာရေးနေရင် သိပ်ကို သဘောကျတာပဲလို့ သူပြောဖူးတယ်။ ငါလည်း ရေးဖို့ ကြိုးစားတာပါပဲ။ ဒါပေမယ့် မင်းတို့ သိတဲ့အတိုင်းပဲလေ။ စာရေးတယ်ဆိုတာ စက်ရုံကနေ ထုတ်လိုက်သလိုမျိုး ဘယ်စံချိန်စံညွှန်းကို ဘယ်မိုနဲ့ ထုတ်ဆိုတာမျိုး လုပ်လို့မှ မရတာပဲကိုး။ အဲလိုပဲ ရေးဖို့ကြိုးစားရင်းနဲ့ ရေးလက်စတွေကသာ ပွထလာတယ်။ တစ်ခါတရံမှာ သူ့ကို ပြောချင်တဲ့ စကားတွေကို မပြောဘဲ နေနေရတာလောက် ခံရခက်တာ မရှိဘူး။

ရင်ဖွင့်စရာလူကလည်း ရှားလွန်းတော့ ငါ့မှာ စာတွေပဲ လှိမ့်ရေးနေရတယ်။ ငါ ဘာရေးတယ်။ ငါ ဘယ်သူ့ကို ပြောတယ်ဆိုတာတွေက အရေးမပါပါဘူး။ ဒါပေမယ့် ငါမှတ်မိသလောက်ကတော့ ငါစာရေးမယ်ကြံလိုက်တိုင်း တိုက်ဆိုင်မှုတစ်ခုလို သူ့ကို ရော့ဒီမှာကြည့်ဆိုပြီး တိုးတိုးကလေး ပြောပြမိတတ်တာပါပဲ။

သူ့ရဲ့ ဘ၀တစ်ခုလုံးကို ဗြုန်းခနဲ ဆွဲလှည့်လိုက်သလို သူဟာ ငါ့ဘက်ကို လှည့်လာတယ်။ နေထိုင်နေကြ ပုံစံတစ်ခုကနေ ဆန့်ကျင်ဘက်အရပ်ကို ခရီးထွက်ခဲ့သူပေါ့။ သူဟာ သိပ်ကို သတ္တိကောင်းတဲ့ မိန်းမတစ်ယောက်လို့ ငါက သြဘာပေးမိတယ်။ ကျင့်သားမရသေးတဲ့ဘ၀မှာ ငါ့ဆန္ဒသာ အရေးအပါဆုံးရယ်လို့ သတ်မှတ်ပြီး ငါ့ကို ဖက်တွယ်ထားတဲ့သူ့ကို ငါက အနိုင်သိပ်ကျင့်လွန်းတယ်။

ဒါဟာလည်း မထူးဆန်းပါဘူးလို့ မင်းတို့သိကြမှာပါ။ ငါက နဂိုကတည်းကမှ ခပ်ဆိုးဆိုးရယ်ကိုး။ သူငါ့ကို သိပ်ချစ်လေလေ ငါသူ့ကို အနိုင်ကျင့်လေလေများတောင် ဖြစ်နေမလားပဲ။ ငါ့ဆန္ဒဟာ သူ့ဆန္ဒပါဆိုပြီး သူ အမြဲပြောပြတတ်သေးတယ်။

ပင်ပန်းရှာလွန်းတဲ့ သူ့ရဲ့ တစ်နေ့တာမှာ ငါအထီးကျန် အဖော်မဲ့နေမှာ စိုးတာနဲ့ပဲ စကားတွေ ပြောပြောနေရှာတယ်။ ငိုက်မြည်းမှုတွေကို အံတုပြီး ညနက်နက်တွေမှာလည်း ငါ့အနား အဖော်လုပ် ငါ့ရဲ့ စုတ်တီးစုတ်ပဲ့ အတွေးအခေါ်တွေကို နားဆင်တတ်ရှာသူ။

ပင်ပန်းတယ်ဆိုတာ ချိုနဲ့လားလို့တောင် ပြန်မေးပြီး သူ့ဝတ္တရားထက်ပိုတဲ့ ၀တ္တရားတွေကို ရင်နဲ့ မဆန့်အောင် သိမ်းထုပ်ထားရင်း ငါ့ကို အားတင်းနေစေတတ်သူ။ ပြောနေရင်းနဲ့ ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်နေပြီလဲဆိုတာ ငါလည်း မသိတော့ဘူးကွာ။

ငါသိတာက တစ်ခုတည်းပဲ ရှိတော့တယ်။ အဲဒါကတော့ ငါသူ့အပေါ် သိပ်ကို ဆိုးလွန်းမိခဲ့တယ်လေ။

ကိုဖြိုး
Read More 0 comments | | edit post

တယ်ဇိမ်ကျပါလား

မျက်စိနှစ်လုံးကို ဖွင့်လိုက်တာနဲ့ပဲ သင်းပျံ့တဲ့ ကော်ဖီရနံ့က စိတ်ကို ကြည်လင်စေတယ်။ သူမရဲ့ ကိုယ်သင်းရနံ့ကလေးနဲ့အတူ ရောပျံ့ သင်းထုံနေတဲ့ အခန်းကလေးထဲမှာ ကျွန်တော်ဟာ စိတ်လက်ကြည်ကြည်သာသာ နိုးထလာရတယ်ပဲ ဆိုပါစို့။ ညဥ့်နက်နက်မှ အိပ်တတ်တဲ့ ကျွန်တော်။ တစ်ခါတရံ မနက်လင်းအားကြီးမှ အိပ်တတ်တဲ့ ကျွန်တော်။ မနက်ဆို မူးဝေပြီး ခေါင်းတွေ အုံ့နေတတ်တာမို့ စိတ်လက်ကြည်သာစေဖို့အတွက် သူမရဲ့ လက်ရာ ကော်ဖီသင်းသင်းကလေး တစ်ခွက်က မရှိမဖြစ်ဆိုသလိုကို လိုအပ်တယ်လေ။

အိပ်ယာကနေ လူးလဲထပြီး သူမ ဖျော်ထားတဲ့ ကော်ဖီကို တစ်ကြိုက်လောက် မော့ချလိုက်ပြီး ကျွန်တော့်ရဲ့ တစ်နေ့တာ စတင်ဖွင့်လှစ်လိုက်ပါပြီ။

ထမင်းကြမ်းကြော်ကလေးနဲ့ ငပိကြော်ကို ဇကာကုံးကလေးနဲ့ အုပ်ထားတယ်။ ကျွန်တော် တစ်ချက်ပြုံးလိုက်မိပါရဲ့။ ဒီအချိန်ဆို သူမ ရုံးကို သွားရာလမ်းမှာပေါ့။ မကြာခင်မှာ သူမ ရုံးကို ရောက်တော့မယ်။ ဇိမ်နဲ့ နှပ်တတ်တဲ့ အကျင့်ရှိပေမယ့်လည်း မနှပ်တော့ဘဲ နောက်ဖေးမှာ တပိုတပါးသွား။ မျက်နှာသစ် သွားတိုက်ပြီး ကွန်ပျူတာရှေ့ ထိုင်၊ သူမကို မျှော်နေမိတယ်။

တစ်ခါတလေ နောက်ကျပြီး ထမိတဲ့နေ့တွေမှာဆို ကျွန်တော် စိတ်မကောင်းဘူး။ သူမ ရုံးရောက်လို့ ဂွတ်မောနင်းကလေးမှ မလုပ်ရရင် သူမရဲ့ တစ်နေ့တာကလေး ပြည့်စုံပါ့မလားလို့ စိတ်ပူမိတယ်။ ဒါဟာ တကယ်တော့ အတွေးပိုနေခြင်း သက်သက်မျှသာပေါ့။ အရင့်အရင်တွေကလည်း ထူးပြီး နှုတ်ဆက်ဖူးတာမှ မဟုတ်တာ။

သူမ ပြောဖူးတာလေး တစ်ခုကို သွားသတိရတယ်။ အရင်ကဆို ကျွန်တော်ရောက်လာမှ မဟုတ်မှန်း သိသိကြီးနဲ့လည်း မနက်ခင်းတွေမှာ မျှော်နေမိတတ်တယ်တဲ့။ သူမရဲ့ အဲဒီစကားကလေးတစ်ခွန်းအတွက် ကျွန်တော်ဟာ ဂွတ်မောနင်းကို တာဝန်သိပြည်သူတစ်ယောက်လို (အို … စေတနာ့ဝန်ထမ်းတစ်ယောက်လို) အလိုလိုနေရင်း လုပ်နေမိတတ်ပြီ။

သူမရဲ့ ဘ၀ကလေး အထီးကျန်ဆန်မှာ သိပ်ကို စိုးကြောက်မိတာပါပဲ။ သူမ လိုအပ်ချိန်တိုင်းမှာ အသင့်ပြင် အနေအထားနဲ့ ကျွန်တော်ရှိနေချင်တယ်။ ကျွန်တော်မရှိနိုင်ခဲ့ချိန်တွေမှာ သူမ ကြုံကရာလူတွေနဲ့ မိတ်ဖွဲ့ အပျင်းဖြေခဲ့ရတယ်လို့ ထင်မြင်မိလို့ပေါ့ကွယ်။ မရိုးသားစိတ်နဲ့ သူမကို စကားအရ၊ စာအရ၊ လူမှုရေးအရ၊ ဘာအရ၊ ညာအရတွေနဲ့ ပတ်သတ် အခွင့်အရေးယူခဲ့ကြလေသလား။

ဒီလိုဆိုရင်တော့ ကျွန်တော်ဟာ မဟာအခွင့်အရေးသမားကြီးပေါ့။ သူမရဲ့ နှလုံးသားကို စကားလုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ပြီ။

တကယ်ဆိုရင် သူမရဲ့ ဘ၀မှာ ကျွန်တော်ကလွဲလို့ ကျန်တဲ့သူတွေဟာ သူမပေးသလောက် မယူတတ်ခဲ့ကြသူတွေလို့လည်း တွေးနေမိတယ်။ ကျွန်တော်ကျပြန်တော့လည်း သူမ ပေးနိုင်တာထက်တောင် ပိုလိုချင်မိသူပေါ့။ သိပ်ကို လောဘကြီးတဲ့ကောင်လေ။

ဒီလိုနဲ့ ဟိုတွေး ဒီတွေးတွေးနေရင်းကကိုပဲ သူမ ရောက်ရှိလို့လာပေါ့။ ကျွန်တော် မမြင်ရပေမယ့်လည်း သူမ ကျွန်တော့်ကို လွမ်းနေမယ်ဆိုတာ သိနေမိတယ်။ သိပ်ချစ်တာပဲဆိုတဲ့ စကားထက် ပိုပါတယ်လို့ ပြောဖူးတဲ့ သူမရဲ့ သိပ်ချစ်တာပဲကိုလည်း သိချင်လာမိတယ်။ ကျွန်တော် မကြိုက်တာတွေကို သိသိကြီးနဲ့ ခဏခဏ လုပ်တတ်တဲ့သူမဟာ သူမရဲ့ ဆင်ခြေတွေအရ (တကယ်တော့ ဆင်ခြေဆိုတာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေနဲ့ လောက၀တ်စက်ရုံထွက် ပစ္စည်းတွေပေါ့) သိပ်ကို ချစ်ဖို့ကောင်းတာပဲ။

ကျွန်တော့်အတွက် အချိန်ပေးချင်ရှာလွန်းလို့ အရာရာကို အသည်းအသန်ဆိုသလို အမြန်ဆုံးဖြတ်၊ အရင်ဆုံးပြီးအောင်လုပ်ပြီးမှ သူမရဲ့ နားနေချိန်တွေကို ကျွန်တော့်အနားမှာ ဖြုန်းတီးပစ်ချင်သူ။ ကျွန်တော်စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပြီဆိုရင် မျက်နှာကလေးငယ်လို့ သိပ်ကို သနားဖို့ကောင်းတာပါပဲကွယ်။ သူမရဲ့ ၀မ်းနည်းနာကျင်ခြင်းတွေကို ကျွန်တော်ကတော့ အားအဖြစ်နဲ့ ပြောင်းပစ်ချင်တယ်။

ကျွန်တော့်ရဲ့ တစ်နေ့တာ အခန်းကလေးထဲမှာ သူမရဲ့ ရနံ့ကလေးတွေက လွှမ်းခြုံလို့နေပေါ့။ မလုပ်ဘူးကွာဆိုပြီးတော့ သူမ မသိရလေအောင် တိတ်တခိုးကလေးလည်း လျှောက်လုပ်ထားရဦးမယ်လေ။ အခုဆို ကျွန်တော့်ရဲ့ နေ့တွေဟာ သိပ်ကို အထီးကျန်ဆန်တာပါပဲ။

ခပ်ရိုင်းရိုင်းပြောရရင် အထီးတစ်ကောင်တည်း အိမ်မှာကျန်ခဲ့တာမှ အထီးမကျန်ရင် ဘာကျန်မလဲလို့တောင် မေးရမလိုပါပဲ။ ဒါပေမယ့် အဲဒီ ကျန်ခဲ့တဲ့အထီးဟာ သောက်ကောင်လေးလည်း ဖြစ်ချင်ဖြစ်မယ်။ သောက်သုံးလည်း ကျချင်မှကျမယ်။ သူမ စကားကို ငှားပြောရရင်တော့ ကိုယ် အရာရာကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံသွားဖို့ ဆုံးဖြတ်ထားပြီးပြီတဲ့။

အဲလို တစ်နေ့တစ်နေ့ ဇိမ်ကျနေတဲ့ သောက်ကောင်လေးကလည်း အရာရာကို ကောင်းကောင်းဆိုးဆိုး၊ တဇွတ်ထိုးပဲ ဆက်တိုးတော့မယ်။ ကိုယ်မှန်တယ်ထင်တဲ့ လမ်းပေါ်မှာ ကားယားကြီးခွထိုင်ပြီးလည်း နားချင်နားနေမယ်။ ဒါပေမယ့် ဆက်တော့လျှောက်မှာပေါ့လေ။

တစ်နေ့တာရဲ့ အလင်းတွေ ကုန်ဆုံးချိန်မှာ သူမ အိမ်ကို ပြန်လာလိမ့်မယ်။ ငိုက်မြည်းနေတဲ့ကြားကပဲ ကျွန်တော့်ကို ပြုစုယုယဦးမယ်။ သူမ သိပ်ချစ်တာကို မယုံဘူးလို့ သူမထင်နေတဲ့ ကျွန်တော့်ကို သက်သေတွေပြဦးတော့မယ်။ စကားပြောတော့မယ်ဆို ပြောပြန်ရင်လည်း အကောင်းဘက်ကနေ တွေးပေးတယ်ဖြစ်ဦးတော့မယ် ဆိုတာ အစချီရင်ချီ။ မချီရင် မောင် မကြိုက်တဲ့ စကားကိုပဲ ထပ်ပြောရဦးမယ် အစချီရင်ချီ။ သူမ ပြောလိမ့်မယ်။ ပြီးရင်လည်း မျက်နှာကလေးငယ်လို့ …

ကျွန်တော်က အချိန်တွေကို နှမြော။ ဘ၀ကို လောဘကြီးနေမိသူ။ သူမကို ကြင်နာဖေးမရမယ့်အစား၊ သူမ ပြုစုယုယတာတွေကို အခန့်သားထိုင်ခံစားရင်း သူမကို စကားကြမ်းကြမ်းတွေ ပြောပြောနေတတ်သူ။

ဟိုး အရင်ကလိုပဲ ကျွန်တော်တစ်ယောက်တည်း ညညတွေမှာ ငုတ်တုပ်ကလေး ထိုင်နေရင်း စာတိုပေစကလေးတွေ ရေးရင်း သူမ သိပ်ဖတ်ချင်ရှာတဲ့ ကျွန်တော့်ရဲ့ စိတ်ကို လှစ်ဟပြနေချိန် … အသက်ကလေး ပြင်းပြင်းရှူရင်း သူမကတော့ အိပ်မောကျလို့ပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးမိတယ်။ သိပ်ချစ်တာပဲဆိုတဲ့ စကားနဲ့ကော လုံလောက်ပါရဲ့လားကွယ်လို့လေ။ ဘ၀ဟာ သူတပါးတွေ စကားတင်းဆိုပြီး စော်ကားရန်လိုတာကလွဲလို့ နှောင့်ယှက် ခြေထိုးခံတာတွေကလွဲလို့ … လာလာ ပတ်သတ်နေတာတွေကလွဲလို့ … တယ်ကို ဇိမ်ကျပါလားကွယ်။ ကိုယ်ချစ်တဲ့သူကို တစ်ချက်လှည့်ကြည့်ရုံနဲ့ မြင်နေရတဲ့ ည … ညတွေကို ကျွန်တော် ဘာနဲ့မှ မလဲနိုင်ပါဘူးကွယ်။ မျှော်လင့်စောင့်စားခဲ့ရတာကလည်း ရှည်ကြာလွန်းလှခဲ့တာမို့ပါလေ။

ကိုဖြိုး
Read More 1 Comment | | edit post
Newer Posts Older Posts Home

L'etranger

  • About
      မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
  • Labels

    • Story (6)
    • Talk (8)
    • Tech (7)
    • ကဗျာ (51)

    Blog Archive

    • ► 2009 (29)
      • ► October (1)
      • ► September (2)
      • ► July (2)
      • ► June (3)
      • ► May (8)
      • ► April (4)
      • ► March (6)
      • ► February (2)
      • ► January (1)
    • ▼ 2008 (45)
      • ▼ December (7)
        • အီစီကလီ
        • သောက်ရေးကို မပါဘူး
        • ဆုံးရှုံးနေကြ
        • အဖော်မဲ့ စကားသံ
        • အသုံးမကျတဲ့ နာရီများ
        • အင်မတန်ဆိုးတဲ့ကောင်
        • တယ်ဇိမ်ကျပါလား
      • ► November (10)
      • ► October (16)
      • ► September (12)

    Followers

    My Blog List

    • အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
      ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...
      7 years ago
    • My Burmese Blog
      Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!
      8 years ago
    • MANORHARY
      အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....
      9 years ago
    • ခင်မင်းဇော်
      ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...
      9 years ago
    • Tar Yar Minn Wai
      ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...
      14 years ago
    • NyAlAy
      အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...
      15 years ago
    • ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
      “THE CRADLE TO THE GRAVE” - အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။ ...
      15 years ago
    • Just Sharing What I Know
      Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...
      16 years ago
    • Nine Nine SaNay
      -
    • Moon Thet Pan
      -
    • မိုးလှိုင်ည
      -

    My Links

    • သဲအင်းဂူ
    • သန့်တည်ပွား
    • Dhamma Download
    • ပေါ်ပြူလာ
    • ဈေးကွက်ဂျာနယ်
    • သံလွင်အိပ်မက်
    • First Eleven
    • Myanmar Ebooks
    • iPhone's Applications
    • EOS Magazine
    • Digital Dream
    • Canon

    C-Box

  • Search






    • Home
    • Posts RSS
    • Comments RSS
    • Edit

    © Copyright L'etranger. All rights reserved.
    Designed by FTL Wordpress Themes | Bloggerized by FalconHive.com
    brought to you by Smashing Magazine

    Back to Top