undefined
undefined
ပြောပြန်ရင်လည်း ငါလွန်တယ်လို့ပဲ ထင်ကြဦးတော့မယ်။ မင်းတို့ကတော့ သိနေပြီးသားမို့ ထူးထွေပြီးတော့ ထင်ချင်မှ ထင်တော့မှာပေါ့လေ။ ဖြစ်နိုင်ချေနောက်တစ်ခုက ငါဟာ မင်းတို့ရဲ့ သူငယ်ချင်းဖြစ်နေသေးတာလည်း ပါမှာပေါ့လေ။ ဒါပေမယ့် မပြောရင်သာရှိမယ် မင်းတို့လည်း သိနှင့်နေပြီးသားပဲလေ။ ငါဘယ်လောက်ထိ ဆိုးတယ်ဆိုတာကို။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုးလို့ အပြောခံအဆိုခံပြီးတော့လည်း မင်းတို့က ငါ့ကို (မင်းတို့ရဲ့ အသုံးမကျတဲ့ သူငယ်ချင်းကို) ကာကွယ်ပေးထားကြတယ်နော်။ဟုတ်ပါရဲ့ကွယ်။ မင်းတို့ ထင်တာ တစ်ခုတော့ မှန်တယ်။ ဒီလောက်ဆိုးနေတဲ့ကောင် မိန်းမရရင် လိမ်မာသွားလိမ့်မယ်တဲ့။ အဲဒီလို ခပ်ဆိုးဆိုး ခပ်ပေပေကောင်လေးတစ်ယောက်ဟာ သူ့ကို သိပ်ချစ်ပြီး သူ့အပေါ် သိပ်ကောင်းရှာတဲ့ မိန်းမတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ဖူးစာဆုံရတယ်ဆိုတာ။ အားနာတာပဲလား။ သနားတာပဲလားတော့ မသိဘူး။ သူက ငါ့အပေါ် သိပ်ကောင်းလွန်းတော့ ငါသိပ်ဆိုးပြလို့ မဖြစ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ခံစားလာရတယ်။
ဟုတ်တယ် သူငယ်ချင်းတို့ရယ်။ မင်းတို့ သိထားတဲ့ ငါဟာ သိပ်ဆိုးတဲ့ လူဆိုးလေးတစ်ယောက် မဟုတ်တော့ဘူး။ လိမ်မာဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်သွားပြီ။
လူတစ်ယောက်ရဲ့ ဘ၀မှာ လိမ်မာပြရတာလောက် အရသာရှိတာ ဘယ်ရှိလိမ့်မလဲ။ လူတကာနဲ့ ဖော်ဖော်ရွေရွေဆက်ဆံပြီး လူလိမ်မာလုပ်နေရတာလောက် စိတ်ချမ်းမြေ့ဖွယ်ရာ ဘာရှိလိမ့်မလဲ။ ငါဘာကြောင့် မသိခဲ့တာပါလဲကွယ်။ အခုမှ သိပ်ကို ညံ့ခဲ့ပါလား ပြန်တွေးရင်လည်း အလကားဖြစ်ဦးတော့မယ်။ ငါ့ဘ၀ကို ငါ အသုံးမကျလှစွာ ဖြတ်သန်းခဲ့ပြီးမှ သူ့လို ငါ့အပေါ် သိပ်ကို အနွံတာခံရှာတဲ့သူမျိုးနဲ့ ဆုံဆည်းရတာမှ ကံကောင်းတာလို့ မပြောရင် ဘာကို ကံကောင်းတယ်ပြောရမှာတုန်း။
သန်းထီကြီးပေါက်ပြီး မမျှော်လင့်ဘဲ ချမ်းသာသွားတာမျိုးကို ကံကောင်းတယ်ပြောရမှာလား။ ရုတ်တရက် ဘယ်ကမှန်း မသိတဲ့ ကြေးရတက်ဆွေမျိုးတစ်ယောက် ကောက်ကာငင်ကာပေါ်လာပြီး အမွေတွေ လာပေးတာကို ကံကောင်းတယ်ပြောရမှာလား။ မနက်အိပ်ယာနိုးလို့ မျက်နှာအသစ်မှာ မမျှော်လင့်ထားလောက်အောင် ချောလာ လှလာတာမျိုးကို ကံကောင်းတယ်ပြောရမှာလား။ (ဒါကတော့ ရုပ်ရှင်ပြကွက် ဆန်လွန်းတယ်)
မင်းတို့ မနာလိုဖြစ်အောင် ထပ်ပြောပြရဦးမယ်။ ပြောပြမယ့်သာ ပြောပြရတာပါ။ မင်းတို့ မနာလိုဖြစ်မယ်လည်း မထင်ပါဘူး။ ဘာလို့လဲဆိုတော့ နဂိုတည်းကိုက မင်းတို့ မှန်းဆပြီးသား ဖြစ်နေမှာပါလေ။
မဖြစ်နိုင်တာတွေ စုပြုံပြီးဖြစ်လာနေတယ်ဆိုရင်တော့ နည်းနည်းထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အိပ်မက်မဟုတ်ဘူးဆိုတာကို ငါ့အသား ငါပြန်ပြန်ဆွဲဆိတ်ကြည့်နေလို့ သိနေရတယ်။ ခက်တာပဲကွာ။ ငါကလည်း သူ့အကြောင်း ပြောတော့မယ်ဆိုရင် ဘယ်ကနေ ဘယ်လို စပြီး ပြောပြရမှန်းကို မသိတော့လောက်အောင်ပါပဲ။
သူကလည်း သူ။ ငါ ပြောမပြတတ်လောက်အောင်ပဲ ငါ့အပေါ် ချစ်ခင်မြတ်နိုးလွန်းရှာတယ်။ နေဦးကွာ။ ပြောမယ့်ပြော အစက စပြီးပြောမှပဲ ကောင်းမယ်ထင်တယ်။ ခဏ စဉ်းစားပါရစေဦး။ အမှန်က မေ့နေတယ်ဆိုတာမျိုး မဟုတ်ဘဲ ဘယ်ကနေ စရင်ကောင်းမလဲလို့ တွေးနေတာလေ။ ငါဘယ်ကနေ စပြောရပါ့မလဲ။ အစ။ ငါတို့ရဲ့ အစ။
ငါတို့ရဲ့ အစဆိုတာ ငါတို့ စသိခဲ့ကြတာလား။ ငါတို့ စကားတွေ စပြောခဲ့ကြတာလား။ ငါတို့ စတွေ့ခဲ့ကြတာလား။ ငါတို့ ဘ၀ကို စပြီး အတူရင်ဆိုင် ဖြတ်သန်းခဲ့ကြတာလား။ အစတွေက သိပ်ကို များလွန်းတော့ ဘယ်ကနေ စရမှန်း ငါတကယ် မသိဘူးလေ။
ငါသိပ်ကို ဆိုးတယ်ဆိုတာလည်း မင်းတို့ အသိပဲ။ သိပ်ကို ဆိုးလွန်းတော့ အမှားတွေ အထပ်ထပ်နဲ့ သူ့ရဲ့ နေ့စဉ်လူမှုဘ၀ကို သွားသွားပြီး ပတ်သတ်တယ်။ ပြီးတော့လည်း သူ့အတွက် အဆင်မပြေမှာ စိုးတာနဲ့ပဲ ပြန်ပြန် အဖတ်ဆယ်ပြီး ပြန်ပြန်စနေရတာပါပဲ။ မင်းတို့တင် မဟုတ်ပါဘူး။ အခုစာကို ဖတ်နေရသူတွေလည်း သိလောက်ရောပေါ့။ ငါဟာ သောက်သုံးမကျတဲ့ကောင်။
ငါတို့ စသိခဲ့ကြတာက အချိန်အတော်ကြာကတည်းကပေါ့လေ။ အမှတ်မထင်ဘဲ စတွေ့ခဲ့ကြတယ်လို့ပဲ ပြောရမှာပဲ။ ဒါပေမယ့် ငါ အမှတ်ထင်ထင်ရှိနေခဲ့တာကို မင်းတို့လည်း သိခဲ့မှာ မဟုတ်ပါဘူးလေ။ သူ့ဘ၀အတွက် ဘယ်လို အရေးပါ အရာရောက်တဲ့ နေရာမျိုးမှာ ငါပါဝင်ပတ်သက်ခဲ့ပါသလဲ။ ငါလည်း မသိတော့ဘူး။ သူ့ကိုသာ မေးကြည့်ကြကွာလို့ပဲ စကားလွှဲချရမလို ဖြစ်နေတယ်။
သူက အမြဲပြောတယ်။ ငါက သူပြောတာတွေကို မှတ်မထားလို့ဆိုပြီးတော့။ ငါလည်း လူပဲလေ အရာအားလုံးကို လိုက်ပြီး မှတ်မိနေတာမျိုးတော့ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် သူနဲ့ကျတော့ ထူးဆန်းတယ်။ နေ့ရက်တွေကို မှတ်မိနေတာမျိုး ကိန်းဂဏန်းတွေကို မှတ်မိနေတာမျိုး မဟုတ်ပါဘဲ … သူ ပြောဖူးတဲ့ စကားလေးတွေကို လိုက်ပြီး မှတ်မိနေတတ်တယ်။ ပြီးတော့လည်း သူက ငါ မမှတ်မိဘူးထင်နေတာမျိုးကို သဘောကျနေတတ်မိတယ်။
ငါ အခုလိုတွေ စာရေးနေရင် သိပ်ကို သဘောကျတာပဲလို့ သူပြောဖူးတယ်။ ငါလည်း ရေးဖို့ ကြိုးစားတာပါပဲ။ ဒါပေမယ့် မင်းတို့ သိတဲ့အတိုင်းပဲလေ။ စာရေးတယ်ဆိုတာ စက်ရုံကနေ ထုတ်လိုက်သလိုမျိုး ဘယ်စံချိန်စံညွှန်းကို ဘယ်မိုနဲ့ ထုတ်ဆိုတာမျိုး လုပ်လို့မှ မရတာပဲကိုး။ အဲလိုပဲ ရေးဖို့ကြိုးစားရင်းနဲ့ ရေးလက်စတွေကသာ ပွထလာတယ်။ တစ်ခါတရံမှာ သူ့ကို ပြောချင်တဲ့ စကားတွေကို မပြောဘဲ နေနေရတာလောက် ခံရခက်တာ မရှိဘူး။
ရင်ဖွင့်စရာလူကလည်း ရှားလွန်းတော့ ငါ့မှာ စာတွေပဲ လှိမ့်ရေးနေရတယ်။ ငါ ဘာရေးတယ်။ ငါ ဘယ်သူ့ကို ပြောတယ်ဆိုတာတွေက အရေးမပါပါဘူး။ ဒါပေမယ့် ငါမှတ်မိသလောက်ကတော့ ငါစာရေးမယ်ကြံလိုက်တိုင်း တိုက်ဆိုင်မှုတစ်ခုလို သူ့ကို ရော့ဒီမှာကြည့်ဆိုပြီး တိုးတိုးကလေး ပြောပြမိတတ်တာပါပဲ။
သူ့ရဲ့ ဘ၀တစ်ခုလုံးကို ဗြုန်းခနဲ ဆွဲလှည့်လိုက်သလို သူဟာ ငါ့ဘက်ကို လှည့်လာတယ်။ နေထိုင်နေကြ ပုံစံတစ်ခုကနေ ဆန့်ကျင်ဘက်အရပ်ကို ခရီးထွက်ခဲ့သူပေါ့။ သူဟာ သိပ်ကို သတ္တိကောင်းတဲ့ မိန်းမတစ်ယောက်လို့ ငါက သြဘာပေးမိတယ်။ ကျင့်သားမရသေးတဲ့ဘ၀မှာ ငါ့ဆန္ဒသာ အရေးအပါဆုံးရယ်လို့ သတ်မှတ်ပြီး ငါ့ကို ဖက်တွယ်ထားတဲ့သူ့ကို ငါက အနိုင်သိပ်ကျင့်လွန်းတယ်။
ဒါဟာလည်း မထူးဆန်းပါဘူးလို့ မင်းတို့သိကြမှာပါ။ ငါက နဂိုကတည်းကမှ ခပ်ဆိုးဆိုးရယ်ကိုး။ သူငါ့ကို သိပ်ချစ်လေလေ ငါသူ့ကို အနိုင်ကျင့်လေလေများတောင် ဖြစ်နေမလားပဲ။ ငါ့ဆန္ဒဟာ သူ့ဆန္ဒပါဆိုပြီး သူ အမြဲပြောပြတတ်သေးတယ်။
ပင်ပန်းရှာလွန်းတဲ့ သူ့ရဲ့ တစ်နေ့တာမှာ ငါအထီးကျန် အဖော်မဲ့နေမှာ စိုးတာနဲ့ပဲ စကားတွေ ပြောပြောနေရှာတယ်။ ငိုက်မြည်းမှုတွေကို အံတုပြီး ညနက်နက်တွေမှာလည်း ငါ့အနား အဖော်လုပ် ငါ့ရဲ့ စုတ်တီးစုတ်ပဲ့ အတွေးအခေါ်တွေကို နားဆင်တတ်ရှာသူ။
ပင်ပန်းတယ်ဆိုတာ ချိုနဲ့လားလို့တောင် ပြန်မေးပြီး သူ့ဝတ္တရားထက်ပိုတဲ့ ၀တ္တရားတွေကို ရင်နဲ့ မဆန့်အောင် သိမ်းထုပ်ထားရင်း ငါ့ကို အားတင်းနေစေတတ်သူ။ ပြောနေရင်းနဲ့ ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်နေပြီလဲဆိုတာ ငါလည်း မသိတော့ဘူးကွာ။
ငါသိတာက တစ်ခုတည်းပဲ ရှိတော့တယ်။ အဲဒါကတော့ ငါသူ့အပေါ် သိပ်ကို ဆိုးလွန်းမိခဲ့တယ်လေ။
ကိုဖြိုး