undefined
undefined
ကျွန်တော် စာရေးပါသည်။ သို့မဟုတ် ကျွန်တော် စာမရေးပါ။ ဟိုဘက်နှင့် ဒီဘက်ကို လက်နှစ်ဖက် (ကွန်ပျူတာဆိုသည့် ကြားခံမီဒီယာကို အသုံးပြုရသောကြောင့်) ဖြတ်ကူးခဲ့သည်။
ယခင်တစ်ချိန်က လက်တစ်ဖက် (ကလောင်ကိုင်သောလက်) ဖြင့် ဖြတ်ကူးခဲ့သည်။
ယခုမူကား ရေးကားရေး၏ မရဟူသည့် စကားအတိုင်း ကျွန်တော်ကိုယ်တိုင်လည်း ဘာရေးလို့ ရေးနေမှန်း ကိုယ့်ဟာကိုယ် မသိ။
ဘယ်သူတွေရေးထားတာတွေကလည်း ဘာတွေဆိုတာ နားမလည်။
ဘာကိုရေး၍ ဘာဖြစ်မည်။
ညာကိုရေး၍ ညာဖြစ်မည်ဆိုတာတွေလည်း မသိ။
စာရေးခြင်း၏ ကြီးမားလှစွာသော လှိုင်းတံပိုးအောက်မှာ ကျွန်တော်ပျောက်ကွယ်၍ မသွားတော့။
အလွန်ရေးခဲ့သည့် ဘလော့ဂ်ကို စိတ်နိုင်နိုင်နှင့် ဖျက်ချပြီးသည့်နောက်မှာ ဟောဒီကမ္ဘာမှာ ကိုဖြိုးဆိုတဲ့ ငနဲတစ်ယောက် မထင်မရှားဖြင့် ပျောက်ကွယ်၍ သွားချေပြီ။
တစ်ယောက်တလေ စမ်းထ၍ စလုပ်ကြပါလျှင် နောက်က တပျော်တပါးကြီး ပါတတ်သည့် ဟောဒီလောက၏ အလေ့အထအလျောက် ဘလော့ဂ်လောကကြီး ပွားများစည်ပင်ခဲ့ပေပြီ။
မြန်မာဘလော့ဂ်ဂါဆိုသူတွေ ဒုနှင့်ဒေးဖြစ်လာချိန်မှာ တစ်ချိန်တုန်းက အချိန်ကာလတွေကို လွမ်းရတမ်းတမိတတ်သော်လည်း ကိုယ်နှင့် မသက်ဆိုင်သလို နေတတ်လာခဲ့ပြီ။
ငါနှင့်ငါသာ နှိုင်းယှဉ်ရာဟု အဆိုရှိပါသဖြင့် ယခင်ကိုဖြိုးနှင့် ယခုကိုဖြိုးကိုပင် နှိုင်းယှဉ်လိုက်ရာ ယခုကိုဖြိုးသည် စာကို စာဖြင့်မရေးသော ကိုဖြိုး။
ယခင်ကိုဖြိုးသည် စာကို စာဖြင့်ရေးသော ကိုဖြိုးဟု ကောက်ချက်ထွက်လာသည်။
သတိရမိသည်။
သတိရမိသည်။
သတိရမိသည်။
ကဗျာတွေ အများကြီးရေးတတ်သော မိုးလှိုင်ညလည်း ယခု မရှိတော့။
ဘာသာပြန်ဆရာမကြီး နိုင်းနိုင်းစနေလည်း ယခု မရှိတော့။
ယောရိယောရာယောဆရာများသည်လည်း မရှိတော့။
ဂူဂယ်ကား ရှိနေဆဲ။
ဘလော့ဂ်ကား ရှိနေဆဲ။
အမှတ်ရစရာများနှင့် အမှတ်မဲ့စရာများစွာကို ဖြတ်ကျော်လာပြီးသည့်နောက် ရင့်ကျက်သည့် အခြေအနေတစ်ခုသို့ ရောက်စပြုလေပြီဟုတော့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုချင်သည်။
သို့သော်လည်း ဘ၀ကို ပြန်ပြန်ချိုနေမိသည့်အချိန်တိုင်းမှာ စိတ်တွေက ထင်တိုင်းတိုးမပေါက်သေး။
ကိုဖြိုးတစ်ယောက် စာရေးကောင်းရေးနေမည်ဖြစ်သော်လည်း အများသူငါ မျှော်လင့်ထားသလို စကားလုံးလေးတွေတော့ ပါချင်မှပါတော့မည်။