undefined
undefined
ကျွန်တော် ကိုဖြိုးတစ်ယောက် ရောဂါတစ်ခုဖြစ်နေပါတယ်။ ပန်းသီးကလေးတစ်ကိုက်စားမိသွားလို့ ဘုရားသခင်ကများ ဒဏ်ခတ်လေရော့သလား။ သွားစရာတွေ အများကြီးထဲကမှ (အမှန်က နည်းနည်းလေးမှ တကယ့်နည်းနည်းလေးရယ်ပါ) နည်းပညာတွေပေါက်ကွဲထွက်လျှံနေတဲ့ (သူတို့ကတော့ အဲလိုပြောကြတာပါပဲ) နေရာတစ်ခုကို ရောက်သွားတယ်။ တကယ်တမ်းပြည့်လျှံနေတာကတော့ ချောင်မလားဆိုပြီး လာနှိုက်ကြတဲ့ လူတွေပါပဲ။ တက်ကြွနေသူတွေပါသလို တက်ကျနေသူတွေလည်းပါတယ် (တက်လိုက်ကျလိုက်ဖြစ်နေတဲ့သူတွေလေ) အဆိပ်မိထားတဲ့သူတွေလိုပဲ နည်းပညာစိန်ခေါ်မှုတွေရဲ့ နောက်ကို ယောင်နနတွေနဲ့ လိုက်နေကြတယ်။ အမှန်က သောက်ကြွားပိုချင်တဲ့ စိတ်က နည်းနည်းများပိုလေမလားပဲ။ မလိုလည်း လိုလည်း ၀ယ်ကြမယ်ဆိုတာချည်းပဲလေ။ ဟောဒီက ဒစ်စကောင့်ဗျိုးဆိုတဲ့ အသံက အရပ်ရှစ်မျက်နှာကနေ ထွက်ကျလာတယ်။
လိုက်ကောက်လိုက်ကြတာဗျာ ... ကျွန်တော်တို့ ငယ်ငယ်တုန်းက ပေါက်ပေါက်ဆုပ်နဲ့ ပိုက်ဆံအကြွေနဲ့ ကြဲချလိုက်တာကို လိုက်ကောက်ကြသလိုပဲ ...
ဟိုရွေ့ရွေ့ ဒီရွေ့ရွေ့နဲ့ ညောင်းမှန်းမသိညောင်းလာစေရမယ် ... သွားလိုက်ကြ တိုးလိုက်ကြ ... ပေါပေါပဲပဲပေးတဲ့ လက်ဆောင်တွေနဲ့အတူ မြူးတူးကခုန်လိုက်ကြ ...
ကျွန်တော်ကတော့ ကလိရနည်းသလားဟဆိုပြီး MAC Book တွေအနား ၀ဲလည်ဝဲလည်ပေါ့။ ၀ယ်ချင်လိုက်တာကလည်း တစ်ပိုင်းကို သေနေတာပဲ။ လိုအပ်လားမေးရင်တော့ နိုးလို့ ဖြေသင့်တယ်။ ဟုတ်တယ်လေ။ သုံးစရာကွန်ပျူတာ ရှိနေမှတော့ ဘာလုပ်ဖို့ ကွန်ပျူတာ အပိုင်ဝယ်ထားမလဲ မေးခွန်းပြန်ထုတ်တတ်တဲ့ လူတစ်ယောက်ကို သွားသတိတောင်ရလိုက်သေးတယ်။ (လူ့လိုက်ကမ်းဆိုးမသိတဲ့လူတွေဆိုတာ တကယ်ရှိသဗျ။ မယုံမရှိနဲ့။ အခုလည်း ကျွန်တော့်ဟာ ကျွန်တော် မကလိရဘူး။ သူက ကန့်လန့်ကန့်လန့်ပါလာပြန်ပြီ။) ခပ်တည်တည်နဲ့ ကျိတ်ပြုံးလို့တော့ မဖြစ်သေးပါဘူး။ မပြုံးမရယ်ဘဲ ၀ါးလုံးကွဲရယ်ချလိုက်တယ်။
ဒီကြားထဲမှ ကွန်ပျူတာဝယ်ချင်တဲ့သူတွေကို အကြံကလည်း ပေးရသေးသဗျ။ တန်လား မတန်လားဆုံးဖြတ်ပေးရတာလောက် ခေါင်းစားတာမရှိဘူး။ ကျွန်တော်က ကွန်ပျူတာ ရာဖြတ်မဟုတ်တော့လည်း ခက်တယ်။ အဲဒီတော့ လွယ်လွယ်ပဲပေါ့။ လက်ဆောင်များများရပြီး ကိန်းဂဏန်းကြီးကြီးတွေပါတဲ့ ကွန်ပျူတာ ဂွတ်ပေါ့ဗျာ။ မဟုတ်လားကွယ်ရို့။ ဒိထက်လွယ်တာတောင် ဒီလောက်မလွယ်ဘူး။
အမှန်က နည်းပညာတွေက မြန်ဆန်စွာပေါက်ကွဲထွက်နေတာ အတော်ကြာနေပေါ့။ စာအုပ်တစ်အုပ်ထဲ ဖတ်ဖူးတာကတော့ ၁၈ လကြာတိုင်းမှာ ၂ ဆ တိုးသွားတယ်ဆိုပဲ။ ဒီလိုဆိုရင် ခင်ဗျားအခုနေ ပျံလန်နေအောင် ရထားဦးတော့ နောက်တစ်နှစ်ခွဲဆိုရင် သွားပြီ။ ဈေးက ပိုတက်မလာပေမယ့်လည်း ပစ္စည်းက ၂ ဆ ပိုကောင်းသွားလိမ့်မယ်။ အဲဒါတောင်မှ ဘာကိစ္စ MAC Book ကို အသည်းအသန်လိုချင်နေမိတာပါလိမ့်နော်။
ပြဿနာက ဒီလိုကနေစတယ်။ ကိုဖြိုးက ဒီဇိုင်းလေးဘာလေး စိတ်ဝင်စားသကိုး။ အဲဒီတော့ သူ့ကိုယ်သူ ဂရပ်ဖစ်သမားရယ်လို့ အထင်ရောက်နေရှာတယ်။ အဲဒီတော့လည်း ဂရပ်ဖစ်သမားတွေ လက်စွဲကျော် ရွှေပန်းသီးပဲ့ကလေးကို စိတ်ဝင်စားတာပေါ့။ ဒီကြားထဲကမှ သူသွားကလိတိုင်း သူ့ကို သောက်ချိုးပြေအောင် မဆက်ဆံတဲ့ အရောင်းစာရေးတွေကြောင့် ပိုအမြင်ကတ်လာတယ်ဆိုပါတော့လေ။ ဒီလောက်ဖြစ်တဲ့ဟာ ၀ယ်စမ်းဦးမယ်ပေါ့။ ကျိတ်ကြုံးဝါးထားရှာသတဲ့။
အဲလို မခံချင်စိတ်ကနေစပြီး သိလာလိုက်တာ … အဲဒီ MAC Book က OS နှစ်ခု သုံးလို့ရတယ်ဆိုပဲ။ တစ်ခုက Apple ရဲ့ MAC OS X နောက်တစ်ခုက Windows ပေါ့ဗျာ။ ပုံမှန် ပီစီတွေမှာက MAC OS X ကိုတင်ဖို့ ကြိုးစားနေလို့မရသေးတာကလည်း တစ်ပိုင်းပါလိမ့်မယ်။ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး ဖျတ်ဖျတ်လူးနေရာကနေ ငါ တတ်နိုင်တဲ့တစ်နေ့ပေါ့ကွာဆိုတဲ့ ဖြေသိမ့်မှုလေးတစ်ခုနဲ့အတူ အဲဒီ ပေါက်ကွဲထွက်နေတဲ့ အိုင်တီခေတ်ကြီးကို အလုအယက်လာတိုးနေတဲ့ လူတွေကြားထဲကနေ ရုန်းထွက်လိုက်တာ …
အိုး … အခုမှပဲ သက်ပြင်းချလို့ရတော့တယ် … ဟူး … ရေငတ်လိုက်တာလေ။
ခပ်တည်တည်ပါပဲ။ ရတာမလို လိုတာမရဘဲ မျက်နှာသေကလေးနဲ့ ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်ဆက်ခဲ့တယ်။ (မတော်တဆဆိုသလိုများ ခုနေ စိန်ဘယက်ကြီးကောက်ရလိုက်လို့ကတော့ … ) ဘယ်ကလာ MAC Book တော့မှာလဲ။ မိန်းမရေဆိုပြီးတော့ မျက်နှာလုပ်ရမှာပေါ့ဗျာ။ ဒါက သူ့ကိစ္စပေကိုး။
စင်္ကာပူ အိုင်တီရှိုး (၂၀၀၉ ခုနှစ် မတ်လ) သို့ အမှတ်တရ
ကိုဖြိုး
ကောက်ရတာ စိန်ဘယက် မဟုတ်ဘဲ Mac Book ဖြစ်နေရင်ရောကွ။ ပြီးတော့ အဲဒီ Mac Book ကိုမှ မင်း မိန်းမက လိုချင်နေတယ် ဆိုရင်ရော.. ဟာဟ.. အချွန်နဲ့ မလိုက်ပြီ။
တကယ်လို့ စိန်ဘယက်ကောက်ရရင် ရောင်းပြီး Mac Book ၀ယ်ပေးမှာပေါ့ ...
မဟုတ်ဘူး ... တကယ်လို့ စိန်ဘယက်ကောက်ရရင် မိန်းမရေ ... ပိုင်ရှင်ကို ပြန်ရှာပေးလိုက်ပါဆိုပြီးတော့ ပြောရမှာပေါ့။ အဲဒါမှ သူ့ရဲ့ ရိုးသားတဲ့ စိတ်ကို အရောင်တင်ပေးသလိုဖြစ်ပေမပေါ့ ...