iPhone 3G တဲ့ဗျာ ...
Apple ကတော့ ထုံးစံအတိုင်းပါပဲ။ လူတွေကို ဘယ်လိုကိုင်လှုပ်ရမလဲ။ လူတွေရဲ့ စိတ်ဝင်စားမှုတွေကို ဘယ်လို သိမ်းကျုံးယူရမလဲ။ ဒါပဲစဉ်းစားနေတယ်။ လူထဲက လူတစ်ယောက်ပဲမို့ ကျွန်တော့်လက်ထဲကို iPhone 3G ကလေးရောက်လာတယ်။
လူတကာ တမေးထဲ မေးနေကြတဲ့ မေးခွန်းက တစ်ခုတည်း iPhone 3G က ဘာတွေပိုထူးလာလဲ? လူတကာပါးစပ်ဖျားမှာ ရေပန်းစားနေတာကလည်း တစ်ခုတည်း iPhone 3G။
အရင်ဆုံး ပြောပြချင်တာက ဘာတွေပိုထူးလာလဲ သိချင်ရင်တော့ ဒီမှာသွားကြည့်လို့ရပါတယ်။ ဒါဟာ iPhone ရိုးရိုးကနေ 3G ကို ဖြစ်လာချိန်မှာ ပိုပြီးသစ်လွင်လာတဲ့ နည်းပညာတွေကိုဖော်ပြထားတာပါ။ 3G နည်းပညာအရ အင်တာနက်အသုံးပြုမှုတွေ အီးမေးလ်အသုံးပြုမှုတွေမှာ iPhone ဟာ ပိုမိုမြန်ဆန်လာပါတယ်။ Apple ရဲ့ အဆိုအရတော့ Go Anywhere လို့ ဆိုပါတယ်။ ဒါပေမယ့် နေရာတိုင်းတော့ 3G အသုံးမပြုနိုင်သေးပါဘူး။ တစ်ခု သတိထားရမှာက 3G ကို အသုံးပြုရင် ဖုန်းရဲ့ ဘတ်ထရီသက်တမ်းကို ပိုမိုလျှင်မြန်စွာ လျော့ကျစေမှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ iPhone in Enterprise ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပိုပြီး အသုံးတည့်စေမှာ ဖြစ်ပါတယ်။ ဒါလေးတော့ ရှိဖို့လိုမှာပေါ့နော်။
နောက်တစ်ခုက Maps with GPS ဖြစ်ပါတယ်။ ဘယ်နေရာကို ရောက်နေနေ အလွယ်တကူ ကြည့်ရမြင်ရအောင် ဖန်တီးပေးထားပါတယ်။
နောက်တစ်ခုကတော့ App Store ပေါ့။ ထောင်ပေါင်းများစွာသော Application တွေကို ၀ယ်ယူရရှိနိုင်ပါတယ်။ အဲလိုပဲ အလကားရတာတွေကလည်း မနည်းမနောပေါ့။
တခြားတခြားသော ဖုန်းတစ်လုံးမှာ ပါနေကြ အရည်အသွေးတွေကလည်း အတော်လေးကို ပြည့်စုံပါတယ်။
သုံးစွဲကြည့်တဲ့အခါမှ အဆင်မပြေတာလေးတွေကို ပြောပြသွားပါ့မယ်။ ပုံမှန် အနေအထားမှာ Message တွေကို Fordward လုပ်လို့မရဘူး။ ဗီဒီယိုရိုက်လို့မရဘူး။ RingTone တွေကို စိတ်တိုင်းကျ ပြောင်းလို့မရဘူး။ ကိုယ်ထပ်ထည့်ချင်တာတွေအတွက် အခက်အခဲရှိတယ်။ အသံတဖြည်းဖြည်း ကျယ်လာတာမျိုး မရှိဘူး။ Build In Speaker က အသံနည်းနည်းတိုးတယ်။ ဒါပေမယ့် JailBreak လုပ်လိုက်ရင်တော့ Message Forward တို့၊ Video ရိုက်တာတို့၊ Ring Tone ဖန်တီးတာတို့က ရနိုင်ပါတယ်။ JailBreak လုပ်ချင်သပဆိုရင်တော့ ဒီမှာ သွားရှာဖတ်လို့ရပါတယ်။
iPod ကလေးကတော့ ပြောစရာမလိုအောင်ကို အပြစ်ကင်းလွန်းပါတယ်။
တစ်ခုပါပဲ။ Apple ရဲ့ Version Update တွေကို စောင့်နိုင်မယ်ဆိုရင်တော့ သူ့အလိုလိုသူလည်း ရလာနိုင်ပါတယ်။ iPhone ရဲ့ အားသာချက်တစ်ခုကတော့ ဖုန်းတစ်ခုခုဖြစ်ပြီဆိုရင် ဆိုင်တွေ ဘာတွေ ပြေးဖို့မလိုပါဘူး။ အင်တာနက်ရှိရုံ iTunes ရှိရုံနဲ့ Restore ပြန်လုပ်လို့ရပါတယ်။ အိုင်ဖုန်းအသုံးပြုသူတွေအတွက် သိထားသင့်တဲ့ အချက်တစ်ခုကတော့ တစ်ခါတရံမှာ ဖုန်း ကြောင်သလိုဖြစ်သွားရင် Power Button နဲ့ Home Key ကို တပြိုင်နက်တည်း ဆယ်စက္ကန့်လောက် နှိပ်ပြီး Restart လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။ အခုတော့ သနားစရာ iPhone 3G လေးကို ထပ်ကလိလိုက်ပါဦးမယ်။
ကိုဖြိုး