မိုးသက်လေနှင်ရာလွင့်လို့
မင့်ခြေရာတွေက မုတ်သုံလို ဆုတ်ကုန်ပြီပေါ့လေ
ချစ်သူ့မျက်ရည်တစ်စက်ကို ...
ငါ့အသက်နဲ့ပဲဖြစ်ဖြစ် လဲပေးစမ်းပါ ...
အမေ့ရင်ကို ခွာတဲ့သား ...
ဟောဒီလောကလူသားတွေကြားမှာ
ထားစရာမျက်နှာကလည်း
ပြောင်လွန်းတင်းလွန်းလှပေါ့ကွာ
ငါ့အံတွေလည်း ပြတ်လုပြတ်ခင် ကျိတ်ကာထားရလွန်းတော့
မေးတွေလဲ ခိုင်လုလုဖြစ်နေကြပေါ့
ငါကတော့ လက်မလျှော့တော့ပါဘူး ...
အဆုံးတိုင်တိုက်မယ့်ပွဲမှာ ...
အားပေးတဲ့ ပရိတ်သတ်မပါလည်းရတယ်
ဝေဖန်သံတွေ ဆူညံနေလည်းရတယ်
ဘယ်အကောင်ကိုမှ သောက်ဂရုမစိုက်ဘူး
ဘယ်လိုအရာကိုမှ လက်မမြောက်လိုက်ဘူး
ငါ့ဒူးတွေ စိုက်စိုက်ကျလို့သွားလဲ
တွားတွားပြီး ဆက်ချီတက်မယ်
အများသူငါ့ အမုန်းတွေကို ဈေးကြီးပေးဝယ်ခဲ့ပြီးကာမှပဲ
ဘာအတွက်နဲ့များ လက်ဖျော့ချလိုက်ရမှာလဲ
မေမေရေ ...
တစ်နေ့နေ့မှာ သားပြန်လာခဲ့ပါ့မယ် ...
ဟောဒီလောကကို ရင်ခုန်ကြည့်ချင်လွန်းလို့ပါလေ
လူတွေသူတွေ လူကိုသူကို လူလိုသူလိုဆက်ဆံတတ်တဲ့တစ်နေ့
အမေ့သား လူလူသူသူဖြစ်နေတာကို မေမေတွေ့စေရမယ်
ဟောဒီလောကမှာလေ ...
သားရဲ့ ရင်ခုန်သံကလေးက
လေထဲက ဆပ်ပြာဖူးဖောင်းလေးပါ မေမေ
လေတိုးသံလေး တစ်ချက်အကြားမှာတောင်
တဒိုင်းဒိုင်း တဖောက်ဖောက်နဲ့
တောက်လျှောက်ကြီး ပေါက်ကွဲနေလိုက်တာ
လောကဓံတရားကို ခါးစီးပြီးမခံတော့ဘူး မေမေ
သားခါးတွေ ညောင်းလှပေါ့
အမေ့သားက ခပ်ပျင်းပျင်းရယ်ပါ
ဟောဒီ ပုခုံးတွေမှာ အသားမာတွေတက် ...
လက်နှစ်ဖက်လုံး ကြမ်းရော်သွားမယ်ဆိုရင်လည်း
သား ဆက်သွားကြည့်ဦးမယ် မေမေ
အခုတော့
အိမ်ခွာသားကို အိမ်မှာများ မြင်ယောင်နေမှာလားလေ
ထားလိုက်ပါ မေမေ
မေမေ့သား မှားတယ်ဆိုရင်လည်း
မှန်လာဦးမှာမို့လို့ပဲ ထားလိုက်ပါ ...
သား ဆက်သွားပါရစေ ...
အောက်တိုဘာရဲ့ လေတွေက နှင်နေတုန်းမို့ပါလေ ...
ကိုဖြိုး